ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးရဲ့ အဓိကပြိုင်ဘက်အသင်းကို ပြောသွားတဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးရဲ့ အဓိကပြိုင်ဘက်အသင်းကို ပြောသွားတဲ့ ဂွာဒီယိုလာ
Photos: EPA

ဂွာဒီယိုလာက ရာသီသစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဘယ်အသင်းက မန်စီးတီးရဲ့ အဓိကပြိုင်ဘက်ဖြစ်ပြီး ဘယ်အသင်းတွေက ဖလားစိန်ခေါ်လာနိုင်တယ်ဆိုတာကို ကွန်မြူနတီဒိုင်း အောင်ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီအဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ ပုံမှန်ပွဲချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့အတွက် ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းကြရာမှာတော့ ဂွာဒီယိုလာရဲ့ အသင်းက လီဗာပူးလ်ကို (၅-၄)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

စီးတီးဟာ ကွန်မြူနစ်တီဒိုင်းကို နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းသမိုင်းမှာ (၆)ကြိမ်မြောက် ဗိုလ်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး (၂)သင်းအဖြစ် ရပ်တည်နေပါတယ်။

"ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်မယ့် တကယ့်အစစ်အမှန်ပြိုင်ဘက် နှစ်သင်းရှိပါတယ်။ လီဗာပူးလ်နဲ့ ကျနော်တို့ပါ။ မက်ဂွိုင်းယားနဲ့ အခြားကစားသမားတွေ ဝယ်ယူထားတဲ့ ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ စပါးတို့လည်း ရှိနေနိုင်ပါတယ်။"လို့ ဂွာဒီယိုလာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"မက်ဂွိုင်းယားက ထူးချွန်တဲ့ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးပါ။ ကျနော်တို့ သူ့ကို စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် ဝယ်ယူဖို့ မတတ်နိုင်ပါဘူး။

"ရာသီအစပိုင်းမှာတော့ ၅ သင်း၊ ၆ သင်းလောက် ဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတွေရှိပါတယ်။ အဲဒီနောက် ရာသီနောက်ပိုင်းတွေမှာ စကားပြောသွားပါလိမ့်မယ်။

"ကျနော်တို့နဲ့ လီဗာပူးလ် ရှိနေမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဥရောပချန်ပီယံအသင်းနဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဆိုတော့ ဒီလိုအသင်းမျိုးနဲ့ တွေ့ရတာ ကောင်းမွန်ပါတယ်။

"သူတို့ဟာ ထိပ်တန်းအဆင့်ရှိတဲ့ အသင်းတစ်သင်းပါ။ ကျနော်တို့နဲ့ ခြားနားသွားတာက နည်းနည်းလေးပါ။ အဲဒါက ပြီးခဲ့တဲ့ရာသီက တစ်မှတ်နဲ့ ဒီနေ့မှာ ပင်နယ်တီတစ်လုံးကြောင့်ပါ။ တခါတရံ coin (အကြွေပြား)ဟာ ခင်ဗျာဘက်မှာ ရှိနေပြီး တခါတရံ ဒီလို မဖြစ်တတ်ပါဘူး။

"ဒါ့ကြောင့်ပဲ သူတို့နဲ့ ကစားရတာ ကောင်းပါတယ်။ ဒီအသင်းနဲ့ ကျနော်တို့ တစ်ရာသီလုံး ရင်ဆိုင်သွားရမှာပါ။ ဒါဟာ ကျနော်တို့ ဘာအတွက် ကြိုတင်ပြင်ဆင်နေရသလဲဆိုတာပါပဲ။"

ကွန်မြူနတီဒိုင်းလုပွဲ ပွဲချိန်ပထမပိုင်းကို မန်စီးတီးက စိုးမိုးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က တစ်ဖက်သတ်နီးပါး ပြန်လည် ဖိကစားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်၊ ဆာလာတို့ရဲ့ ကန်သွင်းမှုတွေ ဂိုးတိုင်ထိထွက်ခဲ့တာကြောင့် လီဗာပူးလ် နစ်နာခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က "ဒီနေ့မှာ အခုလို အခွင့်အရေးတွေ ရရှိနေတာဟာ ကျနော်တို့အတွက် လုံးဝကို အလွန်ကောင်းမွန်တဲ့ လက္ခဏာပါ။ ဒီပွဲကို နှစ်သက်မိတယ်။ ရလဒ်ကိုတွေ့ မကြိုက်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီပွဲကို အရမ်းကြိုက်ပါတယ်။ ဒါ့ကြောင့် ကျနော့်တို့အတွက် ဒီပွဲဟာ အလွန့်အလွန် အရေးပါခဲ့ပါတယ်။"လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly