ဆန္ဒပြမှုများသည် ဖက်ရှင်သဘောမျိုးဖြစ်နေသည်ဟု သူရဦးရွှေမန်းဆို

ဆန္ဒပြမှုများသည် ဖက်ရှင်သဘောမျိုးဖြစ်နေသည်ဟု သူရဦးရွှေမန်းဆို
ဓာတ်ပုံ-မင်းမင်း(နေပြည်တော်)

နေပြည်တော်၊သြဂုတ်လ ၅၊ ။       ။ ဒီမိုကရေစီခေတ်တွင် ဆန္ဒပြမှ ဒီမိုကရေစီဟု ထင်နေကြပြီး ဆန္ဒပြမှုများသည် ဖက်ရှင်သဘောမျိုးဖြစ်နေသည် ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

“ပြီးတဲ့ အခါမှာ ဒီဆန္ဒပြမှုဟာ ဖက်ရှင် သဘောမျိုးဖြစ်နေတယ်။ အဲ့တော့ တစ်ဖက်ကပြလိုက်၊ တစ်ဖက်က ပြလိုက် အဲ့လိုပြတဲ့နေရာမှာ နောက်ပိုင်း စိုးရိမ်စရာ ဖြစ်တာက ခိုက်ရန် ဒေါသတွေ ဖြစ်မယ်။ မတည်မငြိမ် ဖြစ်မယ်။ ခိုက်ရန်ဒေါသဖြစ်လည်း မကောင်းဘူး။မတည်မငြိမ် ဖြစ်လည်းမကောင်းဘူး”ဟု သူရဦးရွှေမန်းက ပြောသည်။

သြဂုတ်လ ၄ ရက်နေ့က နေပြည်တော်ရှိ UBP ပါတီ ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၃ရက်နေ့က ရန်ကုန်တွင်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် အမေရိကန် နိုင်ငံမှ မတရားစွပ်စွဲပြောခြင်းနှင့် အရေးယူပိတ်ဆို့ခြင်းများအပေါ် ရဟန်းရှင်လူ ထောင်ပေါင်းများစွာက လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP) သည် ဆန္ဒပြပွဲများကို လုံးဝပြုလုပ်သွားမည်မဟုတ်ကြောင်းလည်း ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းကပြောသည်။

“ဒီနေ့လိုပေါ့ ခဏခဏဆန္ဒတွေပြ တစ်ဖက်နဲ့ တစ်ဖက် စွပ်စွဲမှုတွေ ပြုလုပ်တဲ့ အချိန်မှာ ပြည်ထောင်စု ကောင်း ကျိုးဆောင်ပါတီ အနေနဲ့ ဒီလို ပါခွင့်မပြုပါဘူး။ ပါရှိခြင်းအားဖြင့် လည်းအကျိုးဘာမှလည်း မထူးပါဘူး။ ဒါကြောင့်မို့လို့ ဒီဟာသည် ဒီပါတီ ရဲ့ မူမဟုတ်လို့ ကြုံလာတယ်ဆိုလို့ရှိရင် လည်း ဒီလို မလုပ်ဖို့ ဆောင်ရွက် ပါမယ်”ဟု သူကဆက်ပြောသည်။

ထို့အပြင် ပါတီအနေဖြင့် လိုအပ်ပါက ဌာနချုပ် ဦးဆောင်သည့် အဖွဲ့အစည်းက ထုတ်ပြန်ခြင်း၊ ကြေညာခြင်း များကိုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဒီလိုအနေအထားမျိုးမှာ ကိုယ်ဆန္ဒပြလို့လည်း ဘာမှ အကျိုးမထူးတဲ့ ကိစ္စမှာ သွားပြီးတော့ သူများမြူလို့ သူများပြောလို့ လုပ်ရတဲ့ ဟာမျိုးဖြစ်တာက ပြောမယ်ဆိုရင် အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။

ဒါကြောင့်မို့လို့ ပါတီအနေနဲ့ အဆင့်ရှိတဲ့ ပါတီ ဖြစ်စေချင်တယ်” ဟုသူရဦးရွှေမန်းက ဆက်ပြောသည်။

လတ်တလောတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုထောက်ခံပွဲကဲ့သို့သော ဆန္ဒထုတ်ဖော်ပွဲများအပါအဝင် မြို့ကြီး အချို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကိုလည်း ပြုလုပ်ထားကြသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required