ကိုင်ရိုဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

ကိုင်ရိုဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

ကိုင်ရို၊ သြဂုတ် ၅ ။        ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အမျိုးသားကင်ဆာဆေးရုံကြီးရှေ့မှာ ပေါက်ကွဲမှုကြီး တစ်ရပ်ဖြစ်ပွားတာကြောင့် လူ ၁၇ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရတယ်လို့ တာဝန်ရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင််းက ဖြစ်ပွားတဲ့ ဒီပေါက်ကွဲမှုမှာ ဆေးရုံရှေ့ ကားအချို့ပါ ပေါက်ကွဲတာဖြစ်ပြီး ဒီပေါက်ကွဲမှုရဲ့ အခြေအနေကို တိတိပပတော့ သိရှိရခြင်း မရှိသေးပါဘူး။

ဒဏ်ရာရသူတွေမှာ ငါးဦးက စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း၊ အခု ကင်ဆာဆေးရုံက လူ ၅၄ ဦးကို အခြား ကင်ဆာကုဌာနတွေဆီ လွှဲပြောင်းပေးပို့ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲမှာ အီဂျစ်ကျန်းမာရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ဟာလာဇေယက်က ပြောပါတယ်။

 ဒါပေမယ့် ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို ဇေယက်က ပြောဆိုခြင်း မရှိဘဲ ပေါက်ကွဲမှုဟာ ဆေးရုံပြင်ဖက်မှာသာ ဖြစ်ပွားပြီး ဆေးရုံထဲမှာ မဖြစ်ပွားကြောင်း ပြောပါတယ်။

နိုင်ငံပိုင် MENA သတင်းဌာနကတော့ အရှိန်ပြင်းပြင်း မောင်းလာတဲ့ ကားတစ်စီးဟာ လမ်းပြောင်းပြန်မောင်းပြီး အခြားကားတွေကို ဝင်တိုက်ရာက ပေါက်ကွဲမှုဖြစ်တာလို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ဆေးရုံဘေးမှာ နိုင်းမြစ်ရှိတာကြောင့် မြစ်ထဲ ကျနိုင်တဲ့ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဇေယက်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly