လာမယ့် ရွေးကောက်ပွဲကို သံသယနဲ့ စောင့်ကြည့်နေတယ်ဆိုတဲ့ သံသာဝင်း

လာမယ့် ရွေးကောက်ပွဲကို သံသယနဲ့ စောင့်ကြည့်နေတယ်ဆိုတဲ့ သံသာဝင်း

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်မှာ နောက်ဆုံး အကြိမ်အဖြစ် ထုတ်ပြန်ခဲ့ရာမှာ မှားယွင်းမှုတွေ ထပ်ရှိနေသေးတာကြောင့် ကော်မရှင်ကို နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံတကာ အထောက်အပံ့ ဒေါ်လာသန်းချီနဲ့ နိုင်ငံ ဘတ်ဂျက် ကျပ် သန်းပေါင်း များစွာ အသုံးပြုခဲ့ပြီး အမှားအနည်းဆုံး ဖြစ်အောင် ပြုစုဖို့ ကော်မရှင်မှာ အမှန်နိုင်ဆုံး အခြေအနေထိရှိတဲ့ မဲစာရင်းကို ပြုစုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သာမန်ဖြစ်ရပ်မဟုတ်ဘဲ သံသယ ဖြစ်စရာလို့ တေးသံရှင် သံသာဝင်းက ဆိုပါတယ်။

“သံသယ ရှိတယ်ဆိုတာ သံသယရှိအောင် လုပ်နေတဲ့ အရာတွေကို အစ်မတို့တွေ့နေရ လို့ပေါ့နော် တကယ်တမ်း သန့်သန့်ရှင်းရှင်းနဲ့ မျှမျှတတ လုပ်မယ် ဆိုလို့ရှိရင်တော့ တရားမမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် မသမာတဲ့ နည်းတွေဆိုတာ အစ်မတို့လည်း ကိုယ်တွေ့မြင်နေရတယ်။ အထူးသဖြင့် မဲစာရင်းက စမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောလိုက်တဲ့ ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်လို့ ဆိုတာက ဒီဟာကို မျှတမှုမရှိဘူးလို့ တရားဝင်ထုတ်ဖော် နေတဲ့ သဘောပေါ့။ အထူးသဖြင့် မဲပေးတဲ့ စနစ်မှာဆိုရင်လည်း လူတွေကို မှားအောင်လို့ကို တမင်တကာ မှားတဲ့ဘက်ကို လုပ်တဲ့ပုံစံမျိုးတွေ မြင်နေရတယ်” လို့ ဆိုပါတယ်။

၂၀၁၁ ခုကတည်းက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဟာ ကော်မရှင်ရဲ့ တာဝန်တွေထဲကမှ အခြေခံ အကျဆုံး တာဝန်တခုဖြစ်တဲ့ မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်မှာ အမှားများနေတာဟာ မဖြစ်သင့်ပဲ အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ကို မကျေပွန်ဘူးလို့ပဲ သတ်မှတ် ရတော့မှာ ဖြစ်ပါတယ်။

တာဝန်ကိုကျေပွန်စွာ မဆောင်ရွက်နိုင်ရင် အခြေခံဥပဒေအရ စွပ်စွဲပြစ်တင်ဖို့ အခြေခံဥပဒေ ပုဒ်မ ၄၀၀(က) မှာ ပြဌာန်းထား ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၀၀(က) ၅ မှာ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒါမှမဟုတ် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

စွပ်စွဲပြစ်တင်လို့ စွပ်စွဲပြစ်တင်တာ မှန်ကန်ပါက ရာထူးကနေ ရပ်စဲခံရမှာဖြစ်ပါတယ်။ သံသာဝင်းကတော့ လူတွေက သံသယများတဲ့အတွက် လူတွေက တရားမျှတမှုရှိလား မရှိလားဆိုတာကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“လူထုရဲ့ အမြင်ကို သေသေချာချာမမေးပဲနဲ့ လုပ်ချင်ရာ လုပ်ထားတဲ့ ဟာတွေက အရှေ့ မှာ အစ်မတို့ဆိုရင် သမိုင်းကြောင်း တစ်လျောက်ပဲ။ အစ်မတို့ မွေးကတည်းက ဒီနေ့တိုင် အစ်မတို့ လိုချင်တဲ့ အစိုးရကို လုံးဝမရသေးဘူး။ ဒါကြောင့်မို့လို့ လူတွေက သံသယများတယ် များတဲ့အတွက် လူတွေက တရားမျှတမှု ရှိလားမရှိလားဆိုတာကို စောင့်ကြည့် နေကြတယ်။ အဲ့လို စောင့်ကြည်လေ မသမာမှုတွေက ပိုပြီးတော့ တွေ့နေရတယ်။ဥပမာအားဖြင့် စာစောင်တွေ ဖြန့်တာမျိုး၊ မဟုတ်တွေ ရေးတာမျိုးတွေ၊ ဒါတွေဟာ တော်တော်ကို မဖြစ်သင့်တဲ့ ဟာမျိုးတွေပေါ့နော်” လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်တော့ မဲစာရင်းအမှား များစွာရှိနေခဲ့ခြင်းဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်း အခန်း ပုဒ်မ ၃၉၉ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်တွေကို ပြဌာန်းဖော်ပြထားပါတယ်။ အဲ့ဒီပုဒ်မ ၃၉၉(ဃ) မှာ မဲစာရင်းများပြုစုခြင်း နဲ့ပြင်ဆင်ခြင်း တာဝန်ပါရှိပါတယ်။ မဲစာရင်းတွေကို အလောတကြီးလုပ်ရလို့ အမှားများတယ်လို့ ဆိုရအောင်လည်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲနီးမှ ခပ်မြန်မြန် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ အစည်း မဟုတ်ပါဘူး။

နိုင်ငံတော်သမ္မတရုံးကနေ ၂၀၁၁ ခု မတ်လ ၃၀ ရက်နေ့က ကြေညာချက် အမှတ် ၅/၂၀၁၁နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တာာဝန်ပေး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မဲစာရင်းတွေ ဘယ်လိုပဲ မှားမှား ပြည်သူတွေ အနေနဲ့ကတော့ မဲပေးသင့်တယ်လို့ သရုပ်ဆောင် ပြေတီဦးက ဆိုပါတယ်။

“ဒီရွေးကောက်ပွဲကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂါတ်အတွက် အရမ်းကို အရေးကြီးတဲ့ ရွေး ကောက်ပွဲ ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ သက်တမ်းအတွင်းမှာ ဒီလိုမျိုး အခွင့်အရေးမျိုး တစ်ခါမှ သေသေချာချာ မရခဲ့ဖူးဘူးပေါ့။ ဒါကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်လည်း အရမ်းကို အရေးကြီးတာ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ရွေးကောက်ပွဲကို စိတ်ဝင်တစားနဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ မဲတစ်မဲကို ပေးသင့်တယ်။ အားလုံး တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင် သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မဲစာရင်းတွေကြည့်ပြီးပါပြီ၊ မဲပေး ရမယ့် မဲစာရင်းထဲလည်း ပါပါပြီ။ မဲပေးရမယ့် နေ့ကျရင်လည်း ပေးမှာပေါ့နော်” လို့ပြောပါတယ်။

ဒါပေမယ့် မဲစာရင်း မှားယွင်းနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ယခုအချိန်ထိ အုပ်ချုပ်ရေးမဏ္ဍိုင် အကြီး အကဲ သမ္မတထံကရော၊ ဥပဒေပြုရေး အကြီးအကဲ သူရဦးရွှေမန်းထံကရော ဘာမှတ်ချက် ဘာအသံမှ ထွက်ရှိမလာသေးပါဘူး။ ဘာကြောင့် အသံမထွက်သလဲဆိုတာကလည်း မေးခွန်းထုတ်ရပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံး မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ အမှားအယွင်းများစွာ ရှိခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေထဲ ကမှ မဲစာရင်းပြုစုခြင်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သလားဆိုတာ ဆန်းစစ်စရာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly