စစ်တပ်ကို အသရေဖျက်မှု တရားရင်ဆိုင်ရန် ပျက်ကွက်သည့် သက်ဆင်ကို ဖမ်းဝရမ်းထုတ်

စစ်တပ်ကို အသရေဖျက်မှု တရားရင်ဆိုင်ရန် ပျက်ကွက်သည့် သက်ဆင်ကို ဖမ်းဝရမ်းထုတ်

ဘန်ကောက်၊ အောင်တိုဘာ-၁၂ ။           ။ စစ်တပ်က စွဲဆိုသည့် အသရေဖျက်မှု ပထမဆုံးကြားနာစစ်ဆေးမှုတွင် လာရောက်ရန် ပျက်ကွက်ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအား ထိုင်းရာဇဝတ်မှု တရားရုံးက အောက်တိုဘာလ ၁၂ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။

အမှုကို ထိုင်းဘုရင့်တပ်မတော်မှ တရားသူကြီးရှေ့နေရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဆာရာယွတ် ကလီမာဟွမ်က တင်သွင်းစွဲဆိုခဲ့ခြင်းပင် ဖြစ်သည်။

သက်ဆင်မှာ မေ၁၉ရက်မှ ၂၂ရက်နေ့အထိ တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးများအတွင်း ထိုင်းစစ်တပ်ကို အသရေဖျက်သည့်စကားများ ပြောဆိုသွားခဲ့သည်ဟု စွပ်စွဲခံနေရသည်။ ထိုအင်တာဗျူးများကို YouTube နှင့် အခြားအွန်လိုင်းမီဒီယာများတွင် လွှင့်တင်ခဲ့သည်။

အင်တာဗျူးများအတွင်း သက်ဆင်က ထိုင်းစစ်တပ်မှာ ကြောက်စရာကောင်းသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပုံဖော်နေပြီး နိုင်ငံအတွက် အန္တရာယ်တစ်ခုဖြစ်သည်ဟု သက်ဆင်က မှားယွင်းစွာ စွပ်စွဲထားသည်ဟု အမှုစွဲချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။

ထိုင်းရာဇဝတ်မှုတရားရုံးက အမှုကို ကြားနာစစ်ဆေးရန် လက်ခံခဲ့ပြီး သက်သေစစ်ဆေးမှုအတွက် အောက်တိုဘာ ၁၂ရက်နေ့တွင် သက်ဆင်အား ရုံးတော်သို့ လာရောက်ရန် ဆင့်ခေါ်ထားသည်။

သက်ဆင်၏ ရှေ့နေက ယနေ့နံနက်တွင် ရုံးတော်သို့ လျှောက်လဲရာတွင်မူ ၎င်း၏ အမှုသည်မှာ နိုင်ငံရေးပြည်နှင်ခံဘဝဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် နေထိုင်နေရသောကြောင့် လာရောက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ရုံးတော်က သက်ဆင်မှာ အမှုကို ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်ရှိသည်ဟု ဆုံးဖြတ်ပြီး ဖမ်းဝရမ်းထုတ်ခဲ့ခြင်းပင် ဖြစ်သည်။ အမှုတွင် ဥပဒေအရ ကန့်သတ်ကာလမှာ ၁၀နှစ်ဖြစ်သည်ဟု ဆိုသည်။

၂၀၀၈ခုနှစ်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း နိုင်ငံပိုင်မြေကို ထိုစဉ်က သူ၏ဇနီးဖြစ်သူကို ရောင်းချရာတွင် အာဏာအလွဲသုံးစားမှုဖြင့် အထက်ရုံးတော်က သက်ဆင်ကို ထောင်၂နှစ် မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခဲ့သငည်။

စီရင်ချက်မချမီကလေးတွင် သက်ဆင်မှာ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီးနောက် ပြည်နှင်ခံဘဝဖြင့်သာ နိုင်ငံရပ်ခြားတွင် နေထိုင်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly