အဆီချခြင်း နဲ့ ငှက်ပျောသီး

အဆီချခြင်း နဲ့ ငှက်ပျောသီး

ရေးသားသူ Yun Sandi Nan Mon
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ငှက်ပျောသီးက အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ခပ်လတ်လတ်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓာတ် ၃ ဂရမ်ကျော် ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် စားသုံးသင့်တဲ့အာဟာရထဲမှာ အမျှင်ဓာတ်က ၂၅ ဂရမ်လောက် ပါဝင်သင့်ပါတယ်။

အမျှင်ဓာတ်များများစားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ရဲ့ ဆက်နွွှယ်မှုကို သုတေသနက တွေ့ရှိထားပါတယ်။ အမျျင်ဓာတ်က သွေးတွင်းသကြားဓာတ်ကိုလည်းလျော့ကျစေတယ်၊ ပုံမှန်ထိန်းညှိပေးနိုင်တယ်။ အမျှင်ဓာတ်ကြောင့် လူကိုဗိုက်ပြည့်တင်းတိမ်စေပြီး ကယ်လိုရီစားသုံးမှုကို လျော့နည်းစေနိုင်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း ကျစေပြီး နှလုံးရောဂါအန္တရာယ်လည်း လျော့နည်းစေပါတယ်။

ပိုတက်စီယမ်

ခပ်လတ်လတ်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၂၂ မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာ နေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပိုတက်စီယမ်က ခန္ဓာကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးလို့ သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့အပြင် ကျောက်မတည်အောင်လည်း ကာကွယ်ပေးပါတယ်။

မဂ္ဂနီဆီယမ်

ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်ပမာဏလည်း ပါဝင်မှုမနည်းပါဘူး။ ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် မဂ္ဂနီဆီယမ် ၃၂ မီလီဂရမ်လောက်ပါဝင်ပြီး ဒီပမာဏဟာ နေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်က ခွန်အားဖြစ်ပေါ်မှု၊ အာရုံကြောစနစ်လုပ်ဆောင်ချက် နဲ့ သွေးဖိအားထိန်းညှိမှု၊ သွေးတွင်းသကြားဓာတ်ထိန်းညှိမှုတို့အတွက် မရှိမဖြစ်အရေးပါနေတာပါ။ ငှက်ပျောသီးမှာပါတဲ့ ဖလေဗာနွိုက်နဲ့ မဂ္ဂနီဆီယမ်တို့က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီး သွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးပါတယ်။

ငှက်ပျောသီးက အချိုမများဘူးလား

အစားအသောက်တွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ညွှန်းကိန်း(glycemic index)ဆိုတာ သွေးတွင်းသကြားဓာတ်ကိုသက်ရောက်မှုအရ အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ GI လို့ခေါ်တဲ့ ဒီညွှန်းကိန်း ၅၅ နဲ့အောက်  ရှိရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အသီးအနှံတွေမှာက ပိုမှည့်လေ GI ညွှန်းကိန်းပိုမြင့်လေမို့ ငှက်ပျောသီးမှည့်တွေက သွေးတွင်းသကြားဓာတ်ကို သက်ရောက်မှု ပိုများနိုင်ပါတယ်။

ဒါ့ကြောင့် ငှက်ပျောသီးက စိမ်းလေ၊ အလုံးသေးလေ သကြားဓာတ်နည်းလေဖြစ်ပါတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးမှာ အူသိမ်ထဲမှာ ချေဖျက်လို့မလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ resistant starch ဆိုတာတွေ ပါဝင်ပါတယ်။

Resistant Starch  တွေက အူမကြီးထဲကို ရောက်ရှိသွားတာဖြစ်လို့ သွေးတွင်းသကြားဓာတ်ကို မတက်စေပါဘူး။ အူမကြီးထဲရောက်မှအူတွင်းကအကျိုးပြုဘက်တီးရီးယားတွေဖွံ့ဖြိုးမှုကို နှိုးဆွပေးတာဖြစ်ပါတယ်။

သူက အမျှင်ဓာတ်နဲ့ အာနိသင်ချင်းဆင်တူတာမို့ ဝိတ်ကျလိုသူတွေ resistant starch ကို စားပေးလို့ရပါတယ်။ resistant starch ကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်တင်းတိမ်နေစေနိုင်လို့ စားချင်စိတ်ကိုလျော့ကျစေမှာပါ။

တကယ်တော့ အဆီချချင်တဲ့သူတွေဟာ ကိုယ်လောင်ကျွမ်းပစ်နိုင်လောက်တဲ့အတိိုင်းအတာနဲ့ တွက်ဆပြီး ကယ်လိုရီကိုစားသုံးသင့်ပါတယ်။ ဒီလိုတွက်ချက်စားသုံးတဲ့နေရာမှာ ငှက်ပောျသီးက အထောက်အကူတော့ဖြစ်နိုင်ပါတယ်။ သို့သော် သူ့ချည်းပဲဖိစားလို့ မသင့်တော်ဘူးဆိုတာလေး သတိချပ်စေချင်ပါတယ်။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly