အင်ဒိုနီးရှားတောမီးတောက်လောင်ရခြင်းမှာ မသင်္ကာသူများဖြင့် တရုတ်နှင့် မလေးရှားကုမ္ပဏီများပါ၀င်

အင်ဒိုနီးရှားတောမီးတောက်လောင်ရခြင်းမှာ မသင်္ကာသူများဖြင့် တရုတ်နှင့် မလေးရှားကုမ္ပဏီများပါ၀င်

ဂျာကာတာ၊ အောက်တိုဘာ ၁၂ ။          ။ အရှေ့တောင်အာရှတစ်ဝန်း မီးခိုးများပြန့်နှံ့စေခဲ့သော အင်ဒိုနီးရှားတောမီးများတောက်လောင်မှုတွင် မသင်္ကာသူများထဲတွင် မလေးရှားနှင့် တရုတ်ကုမ္ပဏီများ ပါဝင်နေသည်။

တောမီးများတောက်လောင်ရခြင်းအတွက် ကုမ္ပဏီ၁၂ခုနှင့် လူပုဂ္ဂိုလ် ၂၀၉ဦးကို မသင်္ကာဖြစ်နေပြီး စင်ကာပူကုမ္ပဏီတစ်ခုကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည်ဟု အင်ဒိုနီးရှားရဲချုပ် ဘက်ဒရိုဟိုင်တီက ဂျာကာတာတွင် အောက်တိုဘာ ၁၂က သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကုမ္ပဏီများ၏ အမည်ကို ဟိုင်တီက မပြောကြားခဲ့ပေ။

"မီးလောင်မှုအတွက် သူတို့ဟာ ဥပဒေကိုချိုးဖောက်ခဲ့ကြတယ်"ဟု ဟိုင်တီကပြောသည်။ ယင်းသို့ပြစ်မှုကျူးလွန်ခြင်းအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ရူပီးယား ၁၀ဘီလျံ (စင်ကာပူဒေါ်လာ ၁ဒသမ၀၄သန်း)ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဆူမာတြားနှင့် ဘော်နီယိုကျွန်းပေါ် တောမီးများလောင်ကျွမ်းမှုအတွက် တာဝန်ရှိနိုင်သော ကုမ္ပဏီများ၏အမည်စာရင်းကို  အင်ဒိုနီးရှားနှင့် စင်ကာပူတို့က စက်တင်ဘာလက ပေးခဲ့ကြပြီး ဆီအုန်းနှင့် စက္ကူကုမ္ပဏီလေးခုမှာ ၎င်းတို့၏ပါမစ်များ ရုပ်သိမ်း သို့မဟုတ် ရပ်ဆိုင်းခံထားရသည်။ သစ်တောများကို မီးရှို့ခြင်းအား ပိတ်ပင်သော ဥပဒေများ အင်ဒိုနီးရှားတွင် ရှိသည်။

သို့သော်လည်း ယခုအချိန်အထိ ပြဋ္ဌာန်းချက်များမှာ မြေယာပိုင်ခွင့်များရောယှက်နေမှုနှင့်အတူ အကန့်အသတ်ရှိနေပြီး ခြစားမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

"ကုမ္ပဏီတွေဟာ စည်းကမ်းလိုက်နာမှုမှာ စနစ်မကျပါဘူး။ ဒါ့ကြောင့် ပြင်းထန်တဲ့မီးလောင်မှုတွေဖြစ်တာပါ" ဟု အင်ဒိုနီးရှား ဥပဒေနှင့် လုံခြုံရေးရာညိနှိုင်းရေးဝန်ကြီး လူဟွတ်ပန်ဂျိုက်တန်က ပြောသည်။

အင်ဒိုနီးရှားသည် အယ်လ်နီညိုကြောင့် ရာသီဥတုခြောက်သွေ့လာသည့်အတွက် မီးငြိမ်းသတ်ရေးအတွက် စင်ကာပူ၊ မလေးရှား၊ ဂျပန်နှင့် သြစတြေးလျတို့မှ မီးငြိမ်းသတ်ရေးအကူအညီကို လက်ခံထား သည်။ အစိုးရအနေဖြင့် နှစ်ပတ်အတွင်း မီးငြိမ်းသတ်နိုင်ရေးမှာ ဖြစ်နိုင်ဖွယ်မရှိဟုလည်း ပန်ဂျိုက်တန်ကဆိုသည်။

နောက်ထပ်မီးငြိမ်းသတ်သည့် လေယာဉ်များအသုံးပြုခြင်းဖြင့် လေထုညစ်ညမ်းမှုကို လာမည့်ရက်အနည်းငယ်အတွင်း လျှော့ချနိုင်မည်ဟု မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly