သိမ်းဆည်းခံလယ်ယာမြေများ ပြန်ပေးနိုင်ရန် တိုင်းအစိုးရဆောင်ရွက်နေဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

By ကရိုင်နူးရာ
03 August 2019
သိမ်းဆည်းခံလယ်ယာမြေများ ပြန်ပေးနိုင်ရန် တိုင်းအစိုးရဆောင်ရွက်နေဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
ဓာတ်ပုံ - နူးရာ

ရန်ကုန်၊ သြဂုတ်(၃)ရက် ။      ။ ရန်ကုန်တိုင်း၏ သိမ်းဆည်းခံလယ်ယာမြေများကို ပြန်ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဆောင်ရွက် နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားလိုက်သည်။
သြဂုတ်လ (၃)ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီစိစစ်မှုမှာ ပြီးခဲ့တဲ့ကာလက ကျန်ခဲ့တဲ့ အမှုတွဲတွေကတော့ အပိုင်းနဲ့အတွဲနဲ့ ကျန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါ ကတော့ ပထမအကြိမ် လွှတ်တေ်ာကနေပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာအပိုင်းမှာ အမှု ပေါင်း အားလုံး ၂၂၀၂မှု ရှိခဲ့ပါတယ်။ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည် စိစစ်ရေး ဗဟိုကို တိုင်ကြား တင်ပြထားတဲ့ အမှုပေါင်း ၂၂၂၅မှု ရှိခဲ့ပါတယ်။ တိုင်းဒေသကြီးကို တိုင်ကြားတင်ပြထားတာက ၁၂၅၂၇ မှုရှိပြီး ၆၀၇၇ မှုကို စိစစ်ပြီးဖြစ်တယ်။ ဗဟိုမှာ တိုင်ကြားထားတာကတော့ ၂၂၂၅မှုကို စိစစ်ပြီး ဖြစ်တယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့သစ်များ တည်ဆောက်ရာတွင် လျော်ကြေးပေးမှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ လယ်ယာမြေ ပြဿနာများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ပြောကြား သည်။

“ဒီစိစစ်ပြီးတဲ့ အမှုတွေမှာ မြေပြန်လည်ပေးလျော်ရမှာတွေရှိတယ်။ မြေယာပြန်ပေးရမယ့်သူတွေ ရှိတယ်။ မြေ ဧက ၉၈၂ ဧကကို  ပြန်ပေးဖို့ ပြင်ဆင်နေသလို ငွေလျော်ကြေးပေးရမယ့် ပမာဏက မြန်မာကျပ်ငွေ စုစု ပေါင်း ဘီလီယံ ၂ဝဝခန့် ရှိကြောင်း အသိပေးပြောကြားလိုပါတယ်။ ဘီလီယံ ၂ဝဝခန့် လျော်ကြေးပေးဖို့ဆိုတာ ဘတ်ဂျက် ပမာဏအားဖြင့် ကြီးမားတဲ့အခြေအနေတစ်ခုမှာ ရှိပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်က ၂၀၁၈-၂၀၁၉ ဘတ်ဂျတ်မှ ငွေကျပ် ရဘီလီယံကို စက်တင်ဘာလမှစတင်ပြီး လျော်ကြေးပေးနိုင်ဖို့ လျာထားပြီး ၂၀၁၉-၂၀၂၀ ဘတ်ဂျတ်မှ ငွေကျပ် ၃၃ဘီလီယံခန့်ကို လာမယ့် အောက်တိုဘာလအတွင်း လျော်ကြေး ပေးနိုင်ရန် လျာထားတယ်။ ဘီလီယံ ၄ဝအထိပဲ ဘတ်ဂျတ်ရှိတာကြောင့် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံ နိုင်ဖို့လည်း ကြိုးပမ်းသွားမယ်" ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ဆက်ပြောသည်။

လျော်ကြေးပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံ လေးမြို့နယ်မှ မြေယာများကို လျော်ကြေးအဖြစ် ပြန်ပေးမည်ဟုလည်း သိရသည်။  

လယ်ယာမြေနှင့် အခြားမြေများပြန်လည် စိစစ်ရေးအတွက် အဖွဲ့အစည်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး အဆင့်အဖြစ် ဖွဲ့စည်းကာစိစစ်ခဲ့ပြီး ရန်ကုန်တိုင်းအနေနှင့် ပြန်လည်စိစစ်မှုတွင် အမှုတွဲ ၅ဝဝဝခန့်ရှိခဲ့သည်ဟု အဆိုပါ ရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly