တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် အရေးယူပိတ်ဆို့မှုအား ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် အရေးယူပိတ်ဆို့မှုအား ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ သြဂုတ်လ ၃ ။            ။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် အမေရိကန်နိုင်ငံမှ မတရားစွပ်စွဲပြောဆိုခြင်းနှင့် မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိများအား အနိုင်ကျင့်အရေးယူပိတ်ဆို့ခြင်းအတွက် ရဟန်းရှင်လူ ထောင်ချီက လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သြဂုတ်လ ၃ ရက်နေ့မွန်းလွဲပိုင်းတွင် စတင်ခဲ့ပြီး ကန့်ကွက်သူများက ဗဟန်း မြို့နယ်မှ ကျောက်တံတားမြို့နယ်ရှိ ဆူးလေးပန်းခြံအရှေ့ထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

“အိမ်တွင်းနတ်လို့ထင်ပြီး တင်လိုက်တာ ၁၂ တန်းသော သူတော်ကောင်းများက သူတော်ကောင်းလို့ပြောနော်။ မဟုတ်ရင် တရားစွဲခံရမယ်။ ၁၂ တန်းသော သူရဲကောင်းများက အိမ်ဦးနတ်ကြီးဆိုပြီးတော့ အိမ်ဦးကို တင် လိုက်တဲ့အချိန်မှာ အိမ်တွင်းနတ်ကြီးက ပါ၀ါမရှိတော့ မိစ္ဆာတွေက ပြုစားခံနေရပြီ။ အမေရိကန်ကြီး ကို ပြော လိုက်မယ်” ဟု ဦးလှဆွေ (ဘူးလက် )က ဆန္ဒပြပွဲတွင် ဟောပြောခဲ့သည်။

အဆိုပါ လမ်းလျောက်ချီတက် ဆန္ဒထုတ်ဖော်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး မှ လူပုဂ္ဂိုလ်များက ပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် မိသားစုဝင်များကို ဇူလိုင်လ အတွင်း က အမေရိကန်က ပြည်ဝင်ခွင့်ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

 “ ဒီအချိန်မှာ ကျွန်တော်တို့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဘယ်သူပဲ ဖြစ်နေနေ ဦးဖြူ ဖြစ်ဖြစ်၊ ဦး နီ ဖြစ်ဖြစ် ကျွန်တော်တို့ ကာကွယ်ရမယ်။ ဒါ အင်စတီကျူးရှင်း တစ်ခုလုံးကို ထိခိုက်တာ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်ခြာအာဏာကို ထိခိုက်တာ စော်ကားတာ ၊ ဦးမင်းအောင်လှိုင်ကို စော်ကားတာ မဟုတ်ဘူး။ ဦးစိုးဝင်း ကိုစော်ကားတာမဟုတ်ဘူး။ လူနာမည်ကို မပြောနဲ့ တပ်မတော်ကို စော်ကားတာ အားလုံးသဘောပါသလား။

ဒါကြောင့်မို့မခံနိုင်လို့ ထွက်လာတာ။ အဲဒါ အစိုးရကြီးက ငြိမ်ခံနေတယ်။ ခင်ဗျားတို့က အစိုးရကြီးနဲ့ သဘော မတူလို့ ဒီကိုထွက်လာတာ မဟုတ်ဘူးလား” ဟု ဦးလှဆွေက ဆက်လက်ပြောဆိုခဲ့သည်။

ဆန္ဒပြပွဲတွင် ကြွေးကြော်သံများ အဖြစ် တပ်မတော်အပေါ်မတရားအရေးယူပိတ်ဆို့မှုများ ချက်ခြင်းရပ် ၊ အင်အားကြီးနိုင်ငံများ၏ အနိုင်ငံကျင့်မှုများ ချက်ခြင်းရပ် ၊ ပြည်တွင်းပြည်ပ သစ္စာဖောက်လောက်ကောင်များ  ဆန့်ကျင်ကြ ၊ မြန်မာ့တပ်မတော် အပေါ် မတရားစွပ်စွဲပြောဆိုမှုများအား ဆန့်ကျင်ကြ ၊ တပ်မတော် ပြိုကွဲ အောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြဟူသော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည့် မဟာဗန္ဓုလပန်းခြံရှေ့တွင်နောက်ဆုံးစုံရုံးခဲ့ကြပြီး တပ်မတော်အပေါ် အရေးယူ ပိတ်ဆို့မှုများအတွက် ဦးလှဆွေ(ဘူးလက်)နှင့် ဦးနေလင်း (အမတ်ဒိန်) တို့က ပိတ်ဆိုမှုအပေါ် ကန့်ကွက်ဟောပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required