နောက်တိုးတရားခံလျှောက်ထားမှုခွင့်မပြုခြင်းသည် တရားစီရင်ရေးကို ယိမ်းယိုင်လာစေနိုင်ဟုဆို

နောက်တိုးတရားခံလျှောက်ထားမှုခွင့်မပြုခြင်းသည် တရားစီရင်ရေးကို ယိမ်းယိုင်လာစေနိုင်ဟုဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ သြဂုတ် ၃ ရက်၊ ။        ။ ဗစ်တိုးရီးယားအမှုတွင် နောက်တိုးတရားခံလျှောက်ထားမှုကို  ခွင့်မပြုခြင်းကြောင့် နောက်ပိုင်း တွင် တရားစီရင်ရေးကို ယိမ်းယိုင်လာစေနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

“ဒီနောက်တိုးတရားခံလျှောက်ရခြင်းအကြောင်းတရားဟာ အမှုနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်လို့ တစ်ဖက်က လျှောက်တာ။ အဲ့ဒါကို တရားရုံးက ခွင့်မပြုဘူးဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒီဟာက အမှုရဲ့ Scope က နောက်ပိုင်းအများကြီးကျယ်လာမယ်။ နောက်တစ်စတစ်စ ပြသနာတွေ အများကြီးပေါ်လာမယ်။ ပေါ်လာရင် တရားစီရင်ရေးကို ယိမ်းယိုင်စေတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့၊ ဒုတိယအကြိမ် ရုံးချိန်းတွင် ဗစ်တိုးရီးယား၏ မိခင်က ဆရာမနှင်းနုကို နောက် တိုးတရားခံအဖြစ် ထည့်သွင်းပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဥပဒေရုံးဘက်က တရားရုံးသို့ ဦးတိုက် လျှောက်ခြင်း သို့မဟုတ် ရဲစခန်းတွင်အမှုဖွင့်ဆောင်ရွက်ခြင်းပြုလုပ်ရန် ဥပဒေရုံးက သဘောထားမှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။

“တကယ်ပါသင့်ပါထိုက်တဲ့ သက်သေတစ်ယောက်ဆိုရင် ပြီးခဲ့တဲ့ ရုံးချိန်းမှာ လျှောက်တယ်။ တရားရုံးက ပယ် လိုက်တယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ အမှန်တော့ နောက်တိုးတရားခံလျှောက်တယ်၊ နောက်တိုး သက်သေ လျှောက်တယ်ဆိုတာ တရားရုံးများက အလွယ်တကူပယ်လေ့မရှိဘူး။ အလွယ်တကူ လက်ခံလေ့ မရှိဘူးဆိုတာ ကျွန်တော်သိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ယက်၏ လေးကြိမ်မြောက် နှစ်ပတ်လည်စုံညီအခမ်းအနားကို သြဂုတ်လ ၃ ရက် နေ့က ရန်ကုန်မြို့၊ House of Orchid တွင် ပြုလုပ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် တရားလွှတ်တော်ရှေ့နေဦးအောင်စိုးက သူ့အနေဖြင့် ဗစ်တိုးရီးယားအမှု၏ တရား မျှတမှုကို စောင့်ကြည့်ရန် ပထမအကြိမ်ရုံးချိန်းကို သွားရောက်ခဲ့ပြီး နောက်ရုံးချိန်းကိုလည်း ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ တရားဥပဒေကို စောင့်ကြပ်ကြည့်ရှုပြီး မှန်ကန်သည့် တရား စီရင်ရေးဖြစ်စေရန်  ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ရှေ့နေ့များကိုလည်း လိုက်ပါလေ့လာကြည့်ရှုရန် တိုက်တွန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly