နေတိုးအဖွဲ့အတွင်းက တူရကီ

By နိုင်ဦးဆွေ
03 August 2019
နေတိုးအဖွဲ့အတွင်းက တူရကီ

တူရကီနိုင်ငံကလေကြောင်းရန် ကာကွယ်ရေးစနစ် S400 ကို ရုရှားနိုင်ငံထံမှ ဝယ်ယူလိုက်တယ်။ နေတိုးအဖွဲ့ဝင်တူရကီနိုင်ငံက နေတိုးအဖွဲ့ရဲ့ ရန်ဖက်ရုရှားနိုင်ငံထံမှ လက်နက်ဝယ်ယူခြင်းဟာ အခြားနေတိုးအဖွဲ့ ဝင်နိင်ငံများအကြားမှာ  ဂယက်ထသွားတယ်။

အမေရိကန်နိုင်ငံက တူရကီနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခြင်း လက်နက်ရောင်းချမှုပိတ်ဆို့ခြင်းတို့နဲ့ တုံ့ပြန်တယ်။ ဒီထက်ပိုပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးလုပ်ဆောင်ဖို့ လှုံ့ဆော်မှုတွေလည်းရှိတယ်။

Telegraph အယ်ဒီတာ Con Coughlin က တူရကီနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်က ရပ်စဲသင့်တယ်လို့ရေးတယ်။ အမေရိကန် ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီးဟောင်း Jed Babbin ကလည်း တူရကီဟာ ရုရှားနိုင်ငံက S 400 ဝယ်ယူတာအပြင် အစ္စလာမ်နိုင်ငံတော် ထူထောင်နေတယ်။ ၂၀၁၆ မအောင်မြင်တဲ့ အာဏာသိမ်းပွဲအတွက် အမေရိကန်အစိုးရကို အပြစ်ပုံချတယ်။ ဆီးရီးယားသမ္မတ အာဆတ်နဲ့ ပူးပေါင်းတယ်။ ဒါကြောင့် တူရကီကို စိးပွားရေးပိတ်ဆို့ရမယ်။ ထောက်လှန်းရေး သတင်းအချက်အလက် ဖလှယ်တာတွေရပ်စဲရမယ်။ နောက်ဆုံး နေတိုးအဖွဲ့ကပါ ထုတ်ပယ်ရမယ်လို့ Washington Times မှာရေးတယ်။

တူရကီနိုင်ငံကို နေတိုးအဖွဲ့က ထုတ်ပယ်ဖို့ အကြံပြုမှုများဟာ ယခင်ကတည်းကရှိခဲ့တယ်။ ၂၀၁၅ ခုနှစ်က ဆီးရီးယားနယ်စပ်မှာ ရုရှားလေယာဉ်တစ်စီးကို တူရကီက ပစ်ချခဲ့တယ်။ရုရှားကတူရကီကိုစီးပွားရေးပိတ်ဆို့ခဲ့တယ်။ နှစ်နိုင်ငံစစ်မက်ဖြစ်ပွားနိုင်တဲ့ အရိပ်အငွေ့တွေ ပေါ်ပေါက်လာတယ်။

နေတိုးအဖွဲ့ အပုဒ် ၅ အရ နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနဲ့ အခြားနိုင်ငံ စစ်မက်ဖြစ်ပွားရင် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံများကပါ ပါဝင်တိုက်ခိုက်ပေးရမယ်ဆိုတာကြောင့် ရုရှား တူရကီ စစ်ဖြစ်ရင် နေတိုးအဖွဲ့တစ်ဖွဲ့လုံး ဝင်တိုက်ပေးရမှာဖြစ်တယ်။ ဒါကြောင့် အဆင်အခြင်မဲ့စွာ ရုရှားလေယာဉ်ကို ပစ်ချခဲ့တဲ့ တူရကီကို နေတိုးအဖွဲ့က ထုတ်ပယ်ထားသင့်တယ်လို့ Cato Institute က Ted Carpenter ကတိုက်တွန်းခဲ့တယ်။

ထိုစဉ်ကတော့ ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ နေတိုးအဖွဲ့က ထုတ်ပယ်ဖို့ကိစ္စ ပေါ်ပေါက်လာတာဖြစ်ပြီး ယခုအကြိမ်မှာတော့ ရုရှားနဲ့ ပူးပေါင်းလို့ နေတိုးအဖွဲ့က ထုတ်ပယ်ဖို့ အကြံပြုခံရတာဖြစ်တယ်။

College of Charleston.South Carolina က ပါမောက္ခ Ali Demirdas ကတော့ တူရကီကို နေတိုးအဖွဲ့က ထုတ်ပယ်ရန်ကိစ္စမှာ ထည့်သွင်းစဉ်းစားစရာ ၃ ချက်ရှိတယ်လို့ National Interest မှာရေးတယ်။

တူရကီကို နေတိုးအဖွဲ့က ထုတ်ပယ်ဖို့ရာမှာ နေတိုးအဖွဲ့ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို ဘယ်လိုထုတ်ပယ်ရမယ်ဆိုတာကို ထည့်သွင်းရေးဆွဲထားခြင်း မရှိတာကြောင့် ထုတ်ပယ်လို့်မရဘူးဆိုတယ်။

အဖွဲဝင်နိုင်ငံက သဘောဆန္ဒအလျောက် နှုတ်ထွက်ချင်တယ်ဆိုရင်တောင်မှ Brexit လိုရှပ်ထွေးတဲ့ညှိနှုင်းမှုတွေလိုအပ်တာကြောင့် တူရကီအနေနဲ့ နေတိုးကနှုတ်ထွက်ချင်ရင်တောင် ဆယ်နှစ်ကျော်အချိန်ယူမယ်လို့ ခန့်မှန်းတယ်။

တူရကီအနေနဲ့လည်း နေတိုးအဖွဲက နှုတ်ထွက်လို့ အကျိုးများစရာမရှိဘူးလို့ မြင်ရတယ်။ နေတိုးအဖွဲ့ဟာ စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်သလို နိုင်ငံရေးအဖွဲအစည်းလည်းဖြစ်တယ်။ တူရကီရဲ့ နှစ်ဆယ်ရာစုအစောပိုင်းကတည်းက ဖြစ်ချင်ခဲ့တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ကလပ်လိုဖြစ်နေတယ်။ နေတိုးအဖွဲ့ရဲ့ဆုံးဖြတ်ချက် လုပ်ဆောင်ချက်များဟာလည်း အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီမှု လိုအပ်တာကြောင့် နေတိုးအဖွဲ့အတွင်းမှာရှိနေခြင်းကြောင့် နေတိုးအဖွဲ့ရဲ့ လုပ်ရပ်တွေမှာ ဩဇာညောင်းစေလို့ရတယ်။

နေတိုးအဖွဲအတွက်လည်း အမေရိကန်ပြီးရင်ဒုတိယစစ်အင်အားအကြီးဆုံးတူရကီနှုတ်ထွက်သွားရင်အင်အားသိသိသာသာလျော့နည်းသွားနိုင်တယ်။ပထဝီအနေအထားအရလည်းဥရောပနဲ့သာမကအရှေအလယ်ပိုင်းဒေသနဲ့ပါ နယ်မြေဆက်စပ်နေတဲ့ တူရကီဟာ အရေးပါနေတယ်။ ရုရှားရဲ့ ပင်လယ်နက်ကနေ မြေထဲပင်လယ်ကို ထွက်တဲ့ ထွက်ပေါက်ရေလမ်းကိုပါ ထိန်းချုပ်ပိတ်ဆို့နိုင်စွမ်းတဲ့ တူရကီရဲ့ မဟာဗျူဟာမြောက်တည်နေရာဟာလည်း မူလ နေတိုးအဖွဲ့ စတင်ထူထောင်ချိန်ကတည်းက တူရကီပါဝင်ရခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ခု ဖြစ်တယ်။ 

တူရကီနိုင်ငံအတွင်းမှာရှိတဲ့ Incirlik Air Base နဲ့ Kurecik Radar Station တို့ဟာလည်း အရှေ့အလယ်ပိုင်းဒေသနိုင်ငံများက ဥရောပကို ခြိမ်းခြောက်နိုင်စွမ်းကို ထိန်းချုပ်ထားတယ်။ နေတိုးအဖွဲ့အတွင်းက တစ်ခုတည်းသော အစ္စလာမ်နိုင်ငံဖြစ်ခြင်းကလည်း အစွန်းရောက်အစ္စလာမ်ဝါဒီတို့နဲ့ ရင်ဆိုင်နေရတဲ့ ဥရောပအတွက် လိုအပ်ချက်ဖြစ်နေတယ်။

တူရကီနိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ PKK ကို အမေရိကန်နိုင်ငံက ဆီးရီးယား သမ္မတ အာဆတ် ဆန့်ကျင်ရေးအတွက် အထောက်အပ့ံပေးနေတာက တူရကီကို ရုရှားဘက် နီးစပ်သွားစေတယ်လို့ Ali Demirdas ကသုံးသပ်တယ်။

ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် S 400 ကိုဝယ်ယူတာကြောင့် ပိတ်ဆို့အရေးယူမှုပြုခဲ့တာက အမေရိကန်နိုင်ငံ တစ်နိုင်ငံထဲသာဖြစ်တယ်။ နေတိုးအဖွဲဝင် အခြားနိုင်ငံတွေက ဘာမှ အရေးယူမှု မရှိခဲ့တာကိုတွေ့ရတယ်။

မဝေးတဲ့ အနာဂတ်ကာလအထိတော့ နေတိုးအဖွဲ့အတွင်းမှာ အမေရိကန် နဲ့ တူရကီ တို့ဟာ မတည့်အတူနေ ပူးပေါင်းမှုမျိုးနဲ့ ဆက်လက်ရပ်တည်နေမယ်လို့သာ မြင်ရတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly