Wisdom Hill အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ တာဝန်ယူမှု အတွက် သမ္မတနှင့် အတိုင်ပင်ခံ သတိပေးထား

Wisdom Hill အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ တာဝန်ယူမှု အတွက် သမ္မတနှင့် အတိုင်ပင်ခံ သတိပေးထား

နေပြည်တော်၊ သြဂုတ်လ ၂၊  ။        ။ နေပြည်တော်Wisdom Hill ကျောင်းကိစ္စ အမှုနှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိဖို့ နိုင်ငံတော် အကြီးအကဲတွေက သတိပေးထားသည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

“ ကျွန်တော်တို့ အထူးပြုပြောချင်တာကတော့ သမ္မတကြီးရော ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော အမှုမှန်ပေါ်ပေါက်ရေး အထူးမှာကြားထားပါတယ်။အဲ့တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီအမှုနဲ့ပတ်သက်ရင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိဖို့ လိုတယ်ဆိုတာ သတိပေးထားပါတယ်” ဟု ပြောသည်။

သြဂုတ်လ (၂)ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ  Wisdom Hill  အုပ်စုမှ ဖွင့်လှစ်ထားသည့်  အလယ်တန်းနှင့် အထက်တန်းကျောင်းများကိုလည်း ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဥပဒေများနှင့် ညီ၊ မညီ စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတက ပြောကြားထားပြီး ပညာရေးဝန်ကြီးဌာနထံမှ စစ်ဆေးချက် ပြန်ရောက်မလာသေးကြောင်းသိရသည်။

“ပညာရေးဝန်ကြီးဌာနကတော့ ကျွန်တော်တို့ဆီ ပြန်ပြီးတင်ပြလာခြင်းမရှိသေးဘူး။ အခုသမ္မတကြီးကိုယ်တိုင် မှာထားတဲ့ ကိစ္စဖြစ်တယ်”ဟု ဦးဇော်ဌေးကပြောသည်။

အဆိုပါ မူကြိုကျောင်းတွင် တက်ရောက်နေသည့်  အသက် ၂နှစ်နှင့် ၁၁လ အရွယ် ကလေးတစ်ဦး လိင်အကြမ်းဖက် ခံရမှုဖြစ်ပေါ်ပြီး နောက်  ရဲတပ်ဖွဲ့မှ Wisdom Hill ကျောင်းမှ အုပ်ချုပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူကို ဒက္ခိဏ ခရိုင်တရားရုံးတွင် စွပ်စွဲတရားခံအဖြစ် တရားစွဲတင်ထား သည်။ အဆိုပါ လိင်အကြမ်းဖက်ခံခဲ့ရသည့် ကလေးငယ်ကို ဗစ်တိုးရီးယားဟု အမည်ပေးထားပြီး ၄င်းအတွက် အမှန်တရား ဖော်ထုတ်ရေး ဆန္ဒထုတ်ဖော်ပွဲများကို မြန်မာနိုင်ငံရှိ မြို့ကြီးအများစုတွင် မကြာသေးခင် လပိုင်းအတွင်းက ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က တတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly