ရန်ကုန်လေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း ရှေ့ဘီးကျိုးမှု ဖြစ်ပွား ၍ လေဆိပ်ယာယီပိတ်

ရန်ကုန်လေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း ရှေ့ဘီးကျိုးမှု ဖြစ်ပွား ၍ လေဆိပ်ယာယီပိတ်
 ဓာတ်ပုံ. Noel Aung Facebook

သြဂုတ်လ ၂ ရက် ညနေ ၄နာရီ ။          ။ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Golden Myanmar လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီး ဆင်းသက်စဉ် ရှေ့ဘီးကျိုးသွားခဲ့သောကြောင့် လေဆိပ်အား တစ်နာရီခွဲခန့် ယာယီ ပိတ်ထားကြောင်း လေဆိပ်သို့ ရောက်ရှိနေသော ခရီးသည်များထံမှ သိရသည်။

အဆိုပါလေယာဉ်သည် မန္တလေးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ဖြစ်ပြီး သြဂုတ်လ ၂ရက် ညနေ ၄နာရီ ၃၅မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘီးကျိုးသွားခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ Golden Myanmar လေကြောင်းလိုင်းသို့ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းခဲ့သော်လည်း ဖုန်လက်ခံဖြေကြားခြင်း မရှိသေးပေ။

ရွှေမြန်မာလေကြောင်းလိုင်း လေယာဉ်တစ်စီး ဆင်းသက်စဉ် ရှေ့ဘီး ကျိုးသွားခဲ့မှုကြောင့် ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်း ပိတ်ထားရပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရမှုများနှင့်နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိတွင် လေယာဉ်ခရီးစဉ်များ ပြောင်းလဲနေကာ ည ၉ နာရီခန့်တွင် လေယာဉ်ခရီးစဉ်များ အများစု ထွက်ခွာရန် ခန့်မှန်းရသည်။

ခရီးသည်အများစုမှာ လေဆိပ်တွင် စောင့်ဆိုင်းနေရပြီး အချိန် ၃ နာရီခန့် ကြန့်ကြာသွားခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်-ဘန်ကောက်ခရီးစဉ်များ၊ စင်ကာပူဖလိုက်၊ ဟောင်ကောင်၊ တရုတ်ခရီးစဉ်များရှိနေပြီး MAI၊ MNA တို့အပြင် Silk Air ၊ Singapore Airlines ၊ Viet Jet ၊Jestar Asia ၊ Air Asia ၊ Thai Airways ၊ NOK Air လေယာဉ်များ ထွက်ခွာရန် ရှိနေခြင်း ဖြစ်သည်။

ယနေ့ ည ၈ နာရီသတင်းများအရ ည ၈ နာရီမှ ၉ နာရီ၊ ၁၀ နာရီ အထိ လေကြောင်းလိုင်းထွက်ခွာချိန် ရွှေ့ဆိုင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly