ဗိုလ်ချုပ်ရုပ်ပုံပါသည့် ငွေစက္ကူများ လာမည့် ဒီဇင်ဘာတွင် ရိုက်နှိပ်သွားမည်

ဗိုလ်ချုပ်ရုပ်ပုံပါသည့် ငွေစက္ကူများ လာမည့် ဒီဇင်ဘာတွင် ရိုက်နှိပ်သွားမည်
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ရှေးဟောင်းငွေစက္ကူများအား တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

နေပြည်တော်၊ သြဂုတ်လ ၂ ။       ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများကို လာမည့် ဒီဇင်ဘာလအတွင်း အပြီးရိုက်နှိပ်သွားရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။

“ဒီဇင်ဘာလောက် target ထားပြီးလုပ်နေတယ်။ ကျော်သွားလည်းနည်းနည်းပေါ့။ အများကြီး မကျော်နိုင်ပါဘူး” ဟု ပြောသည်။

သြဂုတ်လ (၂)ရက်နေ့ကကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ ကိုယ်စားလှယ် ဦးစိုးသိန်းမေးမြန်းသော နိုင်ငံတော်၏ ငွေကြေးကဏ္ဍအခြေအနေ ပွင့်လင်းမြင်သာ စေရေးအတွက် နိုင်ငံတော်၏ အရန်နိုင်ငံခြားသုံးငွေ ၊ အရန်ရွှေပမာဏနှင့် ငွေကြေးဖောင်းပွမှု ညွှန်းကိန်းတို့ကို သုံးလတစ်ကြိမ်ထုတ်ပြန်ပေးရန် အစီအစဉ်ရှိမရှိမေးခွန်းအပေါ်  ဖြေကြားပြီးနောက် လွှတ်တော်မှ ပြန်လည် ထွက်လာချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ၄င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ ရိုက်နှိပ်ရာတွင် မည့်သည့် ပမာဏနှင့် မည်သည့်ငွေကျပ်ကို စတင်ရိုက်နှိပ်မည် ဆိုသည်ကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဆက်လက်ပြောသည်။

အဆိုပါ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကို မည်သည့်ငွေကျပ်က စတင်ကာထုတ်ဝေမည့်ကိစ္စနှင့် ပမာဏကို ဗဟို ဘဏ်သို့ ပေးပို့သည့် အချိန်မှသာသိရှိနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလအတွင်း နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ တတိယ(တစ်နှစ်တာ) ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်ပွဲတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားထားဖူးသည်။

မြန်မာနိုင်ငံတွင် သုံးစွဲနေသော ငွေကြေးများပေါ်တွင် တခြားနိုင်ငံများကဲ့သို့ နိုင်ငံခေါင်းဆောင်များ၏ ပုံကို ရိုက်နှိပ်အသုံးပြုရန် NLD အစိုးရလက်ထက် လွှတ်တော်အစည်းအဝေးများ၌ တင်ပြမှုများရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ငွေစက္ကူကိုရိုက်နှိပ်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကိုလွှတ်တော်က အတည်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required