မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်း ဖိလစ်ပိုင်ကချီးမြှင့်သည့် ရာမွန်မက်ဆေးဆေးဆု ရရှိ

မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်း ဖိလစ်ပိုင်ကချီးမြှင့်သည့် ရာမွန်မက်ဆေးဆေးဆု ရရှိ

ရန်ကုန် ၊ သြဂုတ် ၂  ။              ။ အာရှတိုက်၏ နိုဗယ်ဆုဟု တင်စားသည့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ကိုယ်ကျိုးမဖက် အနစ်နာခံသူများအား ပေးအပ်သည့် ရာမွန်မက်ဆေးဆေးဆုကို မြန်မာနောင်း သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းက ရရှိခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် ဆုရရှိသည့် လူငါးဦးစာရင်းကို ရာမွန်မက်ဆေးဆေး ဆုရွေးချယ်ရေးအဖွဲ့မှ ထုတ်ပြန် ရာတွင် မြန်မာနိုင်ငံမှ ကိုဆွေဝင်းလည်း ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

“ကိုဆွေဝင်း၏ အားထုတ်မှုများ အရာထင်ခဲ့ကာ အများပြည်သူကို အသိပညာ တိုးစေခဲ့သလို အစိုးရ အနေဖြင့်လည်း ယင်းကိစ္စရပ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများကို အပြစ်ပေးခြင်း၊ မူဝါဒများ ပြောင်းလဲခြင်း စသည်တို့ဖြင့် အပြုသဘောဆောင် တုံ့ပြန်လုပ်ဆောင်ခဲ့သည်” ဟု ရာမွန်မက်ဆေးဆေး ဆုရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနောင်းသတင်းဌာနအနေဖြင့် မြေယာသိမ်းဆည်းမှု၊ ကလေးအလုပ်သမား ခိုင်းစေမှု၊ အိမ်အကူ အလုပ် သမားများ နှိပ်စက်ညှင်းပမ်းခံရမှု စသော သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။

ယင်းအပြင် အစိုးရအမှုထမ်းများအတွက် စစ်တပ်က ဦးစီးလုပ်ကိုင်သည့် နိုင်ငံရေး အယူဝါဒသွတ်သွင်းမှု ပရိုဂရမ်၊ ကျောက်မိုင်းတွင်းများ၊ မိုင်းတွင်းများတွင် အကျဉ်းသားများကို အလုပ်လုပ်ရန် ခိုင်းစေထားသည့် အကျဉ်းထောင် အလုပ်သမား ကမ့်စခန်း ၅၀ ခန့်တို့မှ လျှို့ဝှက်လုပ်ဆောင်မှုများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း၏ လုပ်ဆောင်ချက်များ၊ သူစိမ်း ကြောက်ခြင်း လှုပ်ရှားမှု၊ မွတ်ဆလင် ဆန့်ကျင်ရေး အစွန်းရောက်များ စသည်တို့နှင့် ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့မှုများရှိခဲ့သည်ဟု ဆုရွေးချယ်ရခြင်းနှင့် ပတ်သက်ပြီး ရာမွန်မက်ဆေးဆေး ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရာမွန်မက်ဆေးဆေးဆုကို ၁၉၅၇ မတ်လ ၁၇ ရက်က လေယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့ရသည့် ဖိလစ်ပိုင်သမ္မတ ရာမွန်မက်ဆေးဆေးကို ဂုဏ်ပြုပြီး ၁၉၅၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ရာမွန်မက်ဆေးဆေးသည် ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရက်တစ်အဖွဲ့အစည်းအတွင်း၌ လက်တွေ့ ကျသည့် စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရပြီး ပြည်သူလူထု ကို ခွန်အားပေးနိုင်သူတစ်ဦး အဖြစ်လည်း ကျော်ကြားသည်။

အဆိုပါဆုကို မြန်မာနိုင်ငံမှ တခြားထင်ရှားသူအချို့လည်း ရရှိခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်တွင် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ထူထောင်သူ ကချင်အမျိုးသမီး ဆရာမ လဖိုင်ဆိုင်းရော်နှင့် ၂၀၁၅ တွင် နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ တို့လည်း ရရှိခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly