စျေးမှန်သည့် ဆိုင်များတွင်သာ ထီထိုးကြရန် အောင်ဘာလေသိန်းဆုဌာနခွဲမှ တိုက်တွန်း

စျေးမှန်သည့် ဆိုင်များတွင်သာ ထီထိုးကြရန် အောင်ဘာလေသိန်းဆုဌာနခွဲမှ တိုက်တွန်း
ဓာတ်ပုံ - ဖူးအိအိနွယ်

သြဂုတ် ၂ ရက်၊ ရန်ကုန် ။          ။ ထီကံစမ်းသူများအနေဖြင့် စျေးမှန်သည့်ဆိုင်များတွင်သာ ထီထိုးကြရန် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ တိုက်တွန်းလိုက်သည်။

ထို့သို့ စျေးမှန်သည့် ဆိုင်များတွင် ထီထိုးခြင်းဖြင့်  ထီစျေးတင်ရောင်းသည့် ပြသနာကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က မဇ္စျိမကို ပြောသည်။

“ထီကံစမ်းတဲ့သူတွေအနေနဲ့ကလည်း သတ်မှတ်စျေးအတိုင်းထိုးချင်ကြတာ ဖြစ်တဲ့အတွက် သတ်မှတ်စျေးနဲ့ ရောင်းချတဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ သတ်မှတ်စျေးနဲ့ ရောင်းချတဲ့ဆိုင်တွေကိုပဲ ရွေးချယ်အားပေးမယ်။ ပြောရရင်တော့ အက္ခရာတွေ၊ ဂဏန်းတွေ မရွေးချယ်ဘူး။ ထီဆိုင်နာမည်တွေ မရွေးချယ်ဘဲ ကံစမ်းကြမယ်ဆိုရင်တော့ ဒါလည်း စျေးနှုန်းတိုးရောင်းတာကို ဝိုင်းဝန်းတားဆီးပေးရာရောက်ပါတယ်။ ထီလက်မှတ်ရဲ့သဘောသည် ထီလက်မှတ်တစ်စောင်သည် ကံထူးရှင်ဖြစ်နိုင်တဲ့ အခွင့်အရေးကတော့ တန်းတူရှိပြီးသားဖြစ်ပါတယ်။ အဲ့တော့ ဘယ်ဆိုင်ရယ်၊ ဘယ်ဂဏန်းရယ်လို့ အစွဲအလန်းကင်းကင်းနဲ့ သတ်မှတ်စျေးအတိုင်း ရောင်းချတဲ့ဆိုင်ကို ကံစမ်းသူက ရွေးချယ်ထိုးပေးမယ်ဆိုရင်တော့ စျေးနှုန်းမြှင့်ရောင်းတဲ့ ပြသနာကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်မှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ထီလက်မှတ်များကို စျေးတင်ရောင်းသည့် ပြသနာသည် ယခင်နှစ်ရာကျပ်တန်ထီ၊ ငါးရာကျပ်တန်ထီများတွင်  ရှိခဲ့ပြီး ယခု တစ်ထောင်ကျပ်တန်ထီပြောင်းလဲပြီးနောက်ပိုင်းတွင်လည်း စျေးတင်ရောင်းမှုများရှိလာခြင်း ဖြစ်သည်။

ထီလက်မှတ်တစ်စောင်၏ အရင်းတန်ဖိုးသည် ၉၁ဝ ကျပ်ဖြစ်ပြီး ၁ဝဝဝ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားသော်လည်း ၁၁ဝဝကျပ်၊ ၁၂ဝဝကျပ်ဖြင့် ရောင်းချမှုများ ရှိနေခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့်လည်း သတ်မှတ်စျေးနှုန်း တစ်ထောင်ကျပ်အတိုင်း ရောင်းချစေရန် စည်းကမ်းတင်းကြပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထီစျေးနှုန်းအမှန်ဖြင့် အရောင်းအဝယ် ဖြစ်နေရာမှ ယခုအခါ စျေးတင်ရောင်းချလာခြင်း ဖြစ်သည်။

“ဒီတစ်ထောင်တန်အပြောင်းအလဲမှာတော့ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတာသည် တန်ဖိုးတိုးမြှင့်ရောင်းချတာကို စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ဝယ်ယူခွင့်ကို ရပ်စဲတဲ့အပြင် ပေးသွင်းထားတဲ့ Deposit (အပ်ထားငွေ) ကိုပါ သိမ်းမယ်ဆိုပြီးတော့ ပါပါတယ်။ အဲ့တော့ အခုတစ်ထောင်တန်ထီမှာ ပိုမိုရောင်းချတာတွေ ရှိလာခဲ့လို့ရှိရင် Deposit ကိုပါ သိမ်းယူရမယ့် အနေအထားရှိပါတယ်” ဟု ဦးကျော်သန့်လွင် က ပြောသည်။

အောင်ဘာလေသိန်းဆုဌာနအနေဖြင့် ထီကျန်များ မရှိစေရန် ထီလတ်မှတ်များကို ချင့်ချိန်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဝယ်ယူမှုများနေသောကြောင့် ထီလက်မှတ်များကို စျေးတင်ရောင်းခြင်းများဖြစ်လာရကြောင်း ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။

ရောင်းလိုအားနည်းပြီး ဝယ်လိုအားများသောနေသဖြင့်  ထီလက်မှတ်စျေးတင်ရောင်းမှုများကို ထိန်းသိမ်းရန် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ခုနစ်ကြိမ်မြောက်တွင် ထီအက္ခရာအလုံးရေ တိုးထုတ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly