ကိုရီးယားတွင် မြေအောက်ပိုက်လိုင်းအတွင်း ရေနစ်မြှပ်ကာ လူ သုံးယောက် သေဆုံး၊ မြန်မာ တစ်ယောက် ပါဝင်

ကိုရီးယားတွင် မြေအောက်ပိုက်လိုင်းအတွင်း ရေနစ်မြှပ်ကာ လူ သုံးယောက် သေဆုံး၊ မြန်မာ တစ်ယောက် ပါဝင်

သြဂုတ် ၂ ။              ။ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းမှာ  ဖြစ်ပွားခဲ့တဲ့ ဟွန်ဒိုင်းကုမ္ပဏီရဲ့ မြေအောက် ရေပိုက်လုံးလုပ်ငန်းခွင်မှာ မိုးရွာသွန်းမှုကြောင့် ရေနစ်မြှုပ်သေဆုံးခဲ့တဲ့ လူ သုံးယောက်ရှိပြီး မြန်မာ တစ်ယောက် ပါဝင်တယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ယန်းချွန်မြို့နယ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လုပ်သား သုံးယောက် သေဆုံးခဲ့တဲ့ ဒီဖြစ်စဉ်မှာ မြေအောက် ရေပိုက်လုံးအတွင်း စစ်ဆေးရေး လုပ်ဆောင်နေစဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေအောက်ပိုင်းလိုင်းအတွင်း နစ်မြှုပ်ခဲ့တာ ဖြစ်ပြီး လူ  နှစ်ယောက် အလောင်းကိုတော့ သြဂုတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဟွန်ဒိုင်းကုမ္ပဏီရဲ့ မြေအောက်ရေပိုက်လိုင်းလုပ်ငန်းခွင် စစ်ဆေးခြင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လူ သုံးယောက် က လုပ်ဆောင်ခဲ့တာဖြစ်ပြီး သုံးယောက်ထဲက ကိုရီးယားအမျိုးသားတစ်ယောက်ကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။

နောက်ထပ် ကိုရီးယားအမျိုးသားတစ်ဦးနဲ့ မြန်မာအမျိုးသားတစ်ဦးကိုတော့  မြေပေါ်ဝင်ပေါက်နှင့် ၂၀၀ မီတာ ခန့်အကွာတွင် သြဂုတ်လ ၁ ရက်နေ့ ၊ နံနက် ၅ နာရီ ၄၅ မိနစ်နှင့် ၅ နာရီ ၄၇ မိနစ်တို့မှ သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့တာပါ။

ဟွန်ဒိုင်းကုမ္ပဏီဘက်မှ ထုတ်ပြန်ချက်အရ လုပ်ငန်းခွင်ဟာ မြေအောက် ၄၀ မီတာအနက်မှာ ရှိပြီး မိုးစတင်ရွာသွန်းချိန်မှာတော့ ပြန်ထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ အရှိန်ပြင်းစွာရွာတဲ့ မိုးရေကြောင့် ဝင်ပေါက်က ဇူလိုင် ၃၁ ရက်၊ နံနက် ၈ နာရီခန့်မှာ ပိတ်ဆို့သွားခဲ့တာ ဖြစ်ပါတယ်။ အရှိန်ပြင်းစွာ ဝင်လာတဲ့ရေတွေကြောင့် သေဆုံးရတာ ဖြစ်တယ်လို့ ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့တာပါ။

၃.၆ ကီလိုမီတာ ရှည်ပြီး ၁၀ မီတာ ကျယ်ဝန်းတဲ့ ရေပိုက်လိုင်းကို လုပ်ဆောင်နေတာ ဖြစ်ကာ ဟွန်ဒိုင်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်၍ လာမဲ့ ဒီဇင်ဘာမှ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားတာပါ။

ဒီဖြစ်စဉ်အပေါ် မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့တဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly