ထန်းကိုင်းရေနံမှော်အတွင်း ယာဉ်တစ်စီး ချောက်ထဲကျ မီးလောင်

ထန်းကိုင်းရေနံမှော်အတွင်း ယာဉ်တစ်စီး ချောက်ထဲကျ မီးလောင်

မကွေး၊ သြဂုတ် ၂ ။       ။ မကွေးတိုင်းဒေသကြီး၊အထက်မင်းလှမြို့နယ်ရှိ ထန်းကိုင်းရေနံမှော်အတွင်း ရေနံများ သယ်လာသော မော်တော် ယာဉ်တစ်စီး ချောက်ထဲထိုးကျကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ခဲရောင် Super Custom ယာဉ်သည် သြဂုတ်လ တစ်ရက် ည ၈နာရီ ၂ဝခန့်တွင် ရေနံစိမ်းပေပါများနှင့် အတူ ချောက်အတွင်းသို့ထိုးကျကာ မီးလောင်ကျွမ်းခဲ့ကြောင်း မော်တော်ယာဉ်တွင် ယာဉ်နံပါတ်ပြားမပါရှိ ကြောင်း သိရသည်။

“ဒေသခံပြည်သူတွေနဲ့အတူ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါတယ်။ ည ၈နာရီခွဲအချိန်မှာ မီးငြိမ်းပါတယ်။ Super Custom တစ်စီးရဲ့ ခန်မှန်းတန်ဖိုးက(၁၀)သိန်း၊ယာဉ်ပေါ်မှာ မီးလောင်ကျွမ်းခဲ့တဲ့ရေနံစိမ်းပါဆီပေပါ (၅) လုံးရဲ့တန်ကြေးက (၅)သိန်း စုစုပေါင်း(၁၅)သိန်းဖိုးလောက်ဆုံးရှုံးမှု ရှိခဲ့ပါတယ်"ဟုမင်းလှမြို့နယ်မှ မီးသတ်ဦးစီးမှူးဦးဝေဖြိုးအောင်က ပြောသည်။

မင်းလှမြို့မြောက်ရပ်ကွက်တွင် နေထိုင်သော နေထက်လင်း(ခ)ငထက်(၂၄)နှစ်သည် ၄င်း၏ Super Custom မော်တော်ယာဉ်တွင် ရေနံပေပါများ တင်ဆောင်ကာ ရေနံမှော်အတွင်းမှ မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ရေနံမှော်အတွင်းရှိ လမ်းကြောကုန်းအတက်၌ မော်တော်ယာဉ်မှာ နောက်ပြန်လိမ့်ကာ ချောက်ထဲသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း ထို့နောက် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းလှိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် ယာဉ်မောင်း နေထက်လင်း(ခ)ငထက် ကို မင်းလှမြို့မရဲစခန်းမှ (ပ)၂၂၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ဖြင့် အမှုဖွင်စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly