အိန္ဒိယလူသတ်လမ်းမနှင့် မုဆိုးမရွာ

အိန္ဒိယလူသတ်လမ်းမနှင့် မုဆိုးမရွာ

ပက်ဒါခွန်တာ၊ အိန္ဒိယ၊ အောက်တိုဘာ-၁၂ ။              ။ ဖွံ့ဖြိုးဆဲအိန္ဒိယအတွက်မူ ကျောက်ပေါက်မာလို ကျင်းချိုင့်ကြီးများနှင့် အန္တရာယ်ကြီးမားလှသည့် လမ်းမများမှာ နိစ္စဓူဝဘ၀ပင် ဖြစ်လို့နေသည်။

သို့ရာတွင် တောင်ပိုင်း တီလန်ဂါနာမှ ရွာကလေးတစ်ရွာကို ဖြတ်သန်းသွားသည့် အဝေးပြေးလမ်းမကြီးမှာမူ နာမည်ဆိုးဖြင့်   ကျော်ကြားလွန်းလှပြီး   ဖြတ်သန်းဖို့ကြိုးစားသူ   နှစ်ဆယ် သုံးဆယ်ကျော် သေဆုံးမှုအတွက် လက်ညှိုးထိုးစရာဖြစ်လို့နေခဲ့သည်။

ပက်ဒါခွန်တာရွာကလေးကို ကွေ့ဝိုက်ဖြတ်သန်းသွားသည့် အမှတ်၄၄ နိုင်ငံတော်အဝေးပြေးလမ်းမကြီး၏ မြို့ရှောင်လမ်းတစ်ခုမှာ လူ့အသိုက်အမြုံတစ်ခုကို အခြားတစ်ဖက်ရှိ ၎င်း၏ဌာနချုပ်နှင့် အဆက်ဖြတ်ထားသည်။

လမ်းဖောက်ခဲ့သည့် ၂၀၀၆ခုနှစ်မှစတင်ကာ ယနေ့အချိန်အထိ မိသားစု ၃၅စု၏ တဲအိမ်ကလေးများထဲတွင် ယောကျာ်းလေးတစ်ယောက်သာ ကျန်ရစ်ခဲ့သောကြောင့် အဝေးပြေးမုဆိုးမရွာဟုပင် အနွတ္တသညာ တွင်ရင်နေခဲ့သည်။

ရွာတွင် အရွယ်ကောင်းယောကျ်ားဟူရျ် မရှိတော့ဘဲ ကျန်ရစ်နေသူများမှာ မိန်းမများ၊ ကလေးသူငယ်များနှင့် လူအိုလူမင်းများသာဖြစ်သည်။

ဒေသခံများ၏ ပြောကြားချက်အရ ပက်ဒါခွန်တာရွာကလေး၏ ၃၅ယောက်သော အရွယ်ကောင်းယောကျာ်းတို့မှာ အခြားတစ်ဖက်သို့ ရောက်ရှိရန်ကြိုးစားရင်း အသက်ဆုံးခဲ့ကြရသည်ဟု ဆိုသည်။

ကျမယောကျ်ားဟာ ဒီလွှဲလမ်းမတော်တဆမှုမှာ သေခဲ့ရသလို၊ ကျမအစ်ကိုနဲ့ အဖေလည်း ထိုနည်းလည်းကောင်းပါပဲ။ မိသားစုထဲမှာ ကျမတို့ကို စောင့်ရှောက်ဖို့ ယောကျ်ားရယ်လို့ကို မကျန်ခဲ့တော့ဘူူးဟု ၂၃နှစ်အရွယ် ကာရာ အက်စလီက မှိန်ဖျော့နေပြီဖြစ်သည့် သူမယောကျ်ား၏ ဓာတ်ပုံကို ကိုင်မြှောက်ပြရင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အခြားမုဆိုးမတစ်ယောက်ကလည်း လွှဲလမ်းပေါ်တွင် ညာခြေထောက် ကျိုးကြေလျှက်သား လဲလျောင်းသေဆုံးနေသည့် ယောကျ်ားဖြစ်သူ၏ အဖြူအမည်း ပုံနှိပ်ပုံကို ပြသည်။

ဒေသခံများမှာ ဌာနချုပ်တွင် လစဉ် ပင်စင်ကလေးများ ထုတ်နိုင်ရေး ၊အခြားရွာများတွင် အလုပ်အကိုင်ကလေးများ ရှာဖွေနိုင်ရေးအတွက် လေးလမ်းသွားလမ်းကို လုံခြုံဘေးကင်းစွာ   ဖြတ်သန်းနိုင်ရန် အလို့ငှာ ခြေနင်းတံတား (သို့မဟုတ်) လိုဏ်ခေါင်းဖောက်ပေးရန် တောင်းဆိုနေကြသည်။

သို့ရာတွင် မုဆိုးမများ၏ တောင်းဆိုချက်ကို ဘယ်အစိုးရမင်းကမှ ဂရုမစိုက်ပါ။

ကျမတို့ကို ဘယ်သူကမှ မကူညီမပါဘူး။ ရောက်လာတဲ့လူတိုင်းက ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေရိုက်ပြီး ပြန်ထွက်သွားကြတာပါပဲဟု ရွှံ့မီးဖိုဖြင့် ချက်ပြုတ်နေသည့် ၃၈နှစ်အရွယ် ကေမာနီက ပြောသည်။

ကျမတို့မှာ ဓာတ်ငွေ့မီးဖိုလေး၊ ရေချိုးခန်းကလေးတောင် မရှိပါဘူး။ ကျမတို့ကို ကူညီမယ့်သူလည်း တစ်ယောက်မှ မရှိဘူးဟု ကလေးသုံးယောက်မိခင် မာနီက ထပ်လောင်းပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကိန်းဂဏန်းများအရ နှစ်စဉ် လူပေါင်း ၂၃၀၀၀၀ခန့် သေဆုံးနှုန်းနှင့် အိန္ဒိယ၏ လမ်းမအချို့မှာ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံးဖြစ်သည်ဟု ဆိုသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ ဝေဖန်သုံးသပ်သူများကမူ ဆိုးရွားညံ့ဖျင်းသော လမ်းများ၊ မကျွမ်းကျင်သည့် ယာဉ်မောင်းများနှင့် စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့် မြောက်များလှစွာသော မတော်တဆမှုများ ဖြစ်ပွားနေရသည်ဟု ပြောကြားကြသည်။

အိန္ဒိယအစိုးရကမူ လျော့ရဲနေသည့် မော်တော်ယာဉ်ဥပဒေများကို တင်းကျပ်ခြင်းဖြင့် လမ်းများကို လုံခြုံဘေးကင်းအောင် ပြုလုပ်မည့် ဥပဒေသစ်ကို အဆိုပြုထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly