အမေရိကန်သံအမတ်အပါဝင် သုံးဦး အပေါ်တရားစွဲဆိုမှု တရားရုံးက ပလပ်

အမေရိကန်သံအမတ်အပါဝင် သုံးဦး အပေါ်တရားစွဲဆိုမှု တရားရုံးက ပလပ်
    ၂၀၁၈ခုနှစ်အတွင်းက ရုံးထုတ်တစ်ခုတွင် ဆရာတော်ဦးပါမောက္ခကိုတွေ့ရစဉ်။

ရန်ကုန်၊ သြဂုတ်လ ၁ ။         ။ အမေရိကန်သံရုံး၏ လူမူကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့သည့် ဓာတ်ပုံ ၊ ပန်းချီကားနှင့်ပတ်သက်၍ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက အမေရိကန်သံအမတ် ၊ မူရင်းရေးဆွဲသူ နှင့် အွန်လိုင်းပေါ်သို့ တင်သူ တို့ကို တရားစွဲဆိုမှုကို တရားရုံးက ပလပ်ခဲ့ကြောင်း ဆရာတော်ဦးပါမောက္ခ က မိန့်ကြားသည်။

သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ဆရာတော်ဦးပါမောက္ခမှ ကမာရွတ်မြို့နယ် တရားရုံးသို့  ပုဒ်မ ၂၉၅ - က ဖြင့် ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးမှ အမှုနှင့် ပတ်သက်၍ ခိုင်လုံမှု မရှိဟုဆိုကာ ပလပ်ခဲ့ကြောင်း ဆရာတော် ဦးပါမောက္ခ ထံမှသိရသည်။

“မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က စက်ရုံများကြောင့်လေထု ညစ်ညမ်းမှုဖြစ်သည်ဟူသော ခေါင်းစီး နဲ့ ပန်းချီပြပွဲလုပ်တဲ့အခါမှာ ဗုဒ္ဓဘုရားပုံတော်ကို မာတုကာမများ ရဲ့ အောက်ခံဘောင်းဘီ ပုံစံမျိုးမဖွယ် မရာ ပြုလုပ်ထားတဲ့ သဘောမျိုးသက်ရောက်နေတာကြောင့် ကြည်ညိုဖွယ် မကောင်းလို့  ၂၉၅-က ဖြင့် သွားပြီး အမှုသွားဖွင့်တာပါ။အမှုခိုင်လုံမှု မရှိလို့ ဦးလှိုင်ဆိုတဲ့ တရားသူကြီးက ပလပ် လိုက်ပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ထိုသို့ တရားရုံးသို့ ဦးတိုက်လျှောက်မှုတွင် ပလပ်ခံရခြင်းကြောင့် ဆရာတော်ဦးပါမောက္ခအနေဖြင့် ရှေ့ဆက် လုပ်ဆောင်ရန် မရှိတော့ကြောင်း ဆက်လက်မိန့်ကြားသည်။

ဇူလိုင် ၂၆ ရက်နေ့တွင် မြန်မာလူငယ်တစ်ဦးက သရုပ်ဖော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံတွင် ဓာတ်ငွေ့ကာ မျက်နှာဖုံး တပ်ဆင်ထားသည့်ပုံကို အမေရိကန်သံရုံးဖေ့ဘွတ်ခ်ပေ့ချ်တွင်တင်ထားခဲ့ရာ “ ဗုဒ္ဓသည် သရုပ် ဖော်ရန် မဟုတ်၊ ဘာသာတရားကို လေးစားရန်” အစရှိသည်တို့ကို ဖေ့ဘွတ်သုံးစွဲသူအများအပြားက ယင်း ပေ့ချ်တွင် လာရောက် ကန့်ကွက် ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ကန့်ကွက်ခဲ့ကြပြီးနောက် ဇူလိုင် ၂၇ ရက်တွင် ပေ့ချ်မှ ယင်းပုံကို ဖြုတ်ချကာ ကြေညာချက် ထုတ်ပြန် ခဲ့သည်။

မြန်မာလူငယ်များ၏ အသံများကိုဖော်ကျူးထားတဲ့ “Insight Out” ပန်းချီပြပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပန်းချီပြပွဲ ရည်ရွယ်ချက်မှာ လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင်ကို အလေးထားဖော်ကျူးခြင်း ဖြစ်ကြောင်း အမေရိကန်သံရုံးဘက်မှ ဆိုထားသည်။

    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly