ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှု သြဂုတ်လအတွင်း အပြီးသတ်အမိန့်ချနိုင်ဖွယ်ရှိ

By ကရိုင်နူးရာ
01 August 2019
ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှု သြဂုတ်လအတွင်း အပြီးသတ်အမိန့်ချနိုင်ဖွယ်ရှိ
ဓာတ်ပုံ - ကရိုင်နူးရာ

သြဂုတ်လ (၁)ရက် ။          ။ တပ်မတော်မှ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ အမှုကို သြဂုတ်လ အတွင်း အပြီးသတ်အမိန့်ချနိုင်သည်ဟု စွပ်စွဲခံရသူ၏ရှေ့နေဖြစ်သော ဦးရောဘတ်စန်းအောင်မှ ပြောသည်။  

တပ်မတော်အပေါ် အကြည်အညိုပျက်စေရန် ရေးသားမှုများကြောင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

" ဒီနေ့ ပြန်ခေါ်သက်သေတွေထဲက ဗိုလ်မှူးအောင်ရဲကျော်ကို စစ်ခဲ့ပါတယ်။ မင်းထင်ကိုကိုကြီးက May Jue ဆိုတဲ့ အကောင့်ကတင်ထားတဲ့ပုံကို ရှယ်ပြီး သူ့အမြင် သူ့စိတ်ခံစားချက်ကို ရေးထားတာ။ အဲ့တာကို ဥပဒေ အရာရှိဘက်က သဘောမပေါက်လို့ ရှင်းလင်းခြင်းသာဖြစ်တယ်။ နောက်အပတ်မှာ ကိုယ်တိုင်သက်သေအဖြစ် အစစ်ခံမယ်ဆိုတော့ ဥပဒေအရာရှိတွေက မေးလို့ မရတော့ဘူး။

တရားသူကြီးကပဲ တိုက်ရိုက်စစ်ဆေး တော့ မယ်။ အဲ့နေ့မှာပဲ ကျွန်တော်တို့က တောင်းခေါ်လိုက်တယ်၊ နောက်ဆုံးနှုတ်ဖြင့်ထွက်ဆိုချက်ကို စာနဲ့မဟုတ်ပဲ နှုတ်ထွက်ဆိုချက်ပဲ တောင်းထားတယ်။ အဲ့တာပြီးရင် နောက်အပတ်မှာ အမိန့်ချနိုင်တယ်။ သြဂုတ်လအတွင်းမှာ အမှုပြီးနိုင်တယ်" ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်မှ ပြောသည်။

အဆိုပါအမှုတွင် ပြန်ခေါ်သက်သေများကို စစ်ဆေးနေပြီး သြဂုတ်လ တစ်ရက်နေ့ ရုံးချိန်းတွင် နောက်ဆုံး ပြန်ခေါ်သက်သေအဖြစ်  တပ်မတော်အရာရှိတစ်ဦးအား စစ်ဆေးခဲ့သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၂၂ ရက်အထိ ရေးသားထားသော အချက်အလက်အချို့အပေါ် အရေးယူပေးပါရန် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက အင်းစိန်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယခုရုံးချိန်းအပြီးတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးမှ ပြည်သူများအနေဖြင့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား အာရုံစိုက်ပေးကြရန်အတွက် ပြောဆိုခဲ့သည်။

" နောက်တစ်ချိန်း ၁၅ရက်နေ့မှာ သက်သေတွေ မတင်ဘဲတရားရုံးမှာ ကျွန်တော်ကိုယ်တိုင် ထွက်ဆိုပြီး ကိုယ် တိုင် ထုချေမယ်။ ကိုယ်တိုင် ရှင်းလင်းမယ်။ အဲ့ဒါပါပဲ။ ဒါပေမယ့် အခုအချိန်မှာက အရေးကြီးဆုံးအချက်က ဘာလဲဆိုတော့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ပဲ။ ဒါကို မျက်ခြေမပြတ်ဖို့ လိုတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက လွှတ်တော်ထဲမှာ အလုပ်လုပ်နေတယ်။

ပြည်သူတွေက အဲ့တာကို နားစွင့်ပြီးတော့ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ အလိုဆန္ဒအတိုင်း ပြည်သူ့အလိုဆန္ဒအတိုင်း ပြင်ဆင်ဖို့ ပူးပေါင်းပေးပါ။ အခုအချိန်မှာ ကျွန်တော်လည်း အရေးမကြီးဘူး၊ အဲ့တာထက် အရေးကြီးတာ ဘာမှ မရှိတော့ဘူး။" ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးမှ ပြောဆိုသည်။

အဆိုပါအမှုအတွက် နောက်အပတ်ရုံးချိန်းကို  သြဂုတ်လ၁၅ရက်နေ့သို့ ချိန်းဆိုထားပြီး ယင်းနေ့တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှ သက်သေအဖြစ် စစ်ဆေးခံမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly