ခြောက်ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် လက်ကျန်ထီမရှိအောင် ရောင်းချခဲ့ရ

ခြောက်ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် လက်ကျန်ထီမရှိအောင် ရောင်းချခဲ့ရ

ရန်ကုန်၊ သြဂုတ် ၁ ရက် ။                      ။ သြဂုတ်လ ၁ ရက်နေ့တွင် ပြုလုပ်သော ခြောက် ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် လက်ကျန်ထီ မရှိခဲ့အောင် ရောင်းချနိုင်ခဲ့ကြောင်း  အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က မဇ္စျိမကို ပြောသည်။

" ဒီ ခြောက်ကြိမ်မြောက်မှာတော့ အားလုံးကုန်စင်အောင် ရောင်းချနိုင်ခဲ့ပြီး မရောင်းရထီကျန်ရှိမှု မရှိခဲ့ပါဘူး။ မရောင်းရထီကျန်တဲ့အပိုင်းသည် အောင်ဘာလေ ထီသမိုင်းမှာတော့ ထီတန်ဖိုးပြောင်းလဲတိုင်းမှာ ဖြစ်တတ်တဲ့ အလေ့အထဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ထီကံစမ်း တဲ့သူအနေနဲ့ကလည်း စျေးနှုန်းတိုးမြှင့်သွားတဲ့အတွက်ကြောင့် ဝယ်ယူမှုမှာ တွန့်ဆုတ်လာတဲ့ အနေအထား ရှိပါတယ်။ ဒီလိုအခက်အခဲလေးတွေကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့အနေအထားပါ "ဟု ၄င်းက ပြောသည်။

ကျပ်တစ်ထောင်တန်ထီများ၏ နှစ်ကြိမ်မြောက်ထီဖွင့်ပွဲမှ စတင်ကာ ငါးကြိမ်မြောက်အထိ ရောင်းမကုန် ထီ လက်မှတ်များ ရှိခဲ့ပြီး ယခု ခြောက်ကြိမ်မြောက် ထီဖွင့်ပွဲတွင် ရောင်းမကုန်ထီလက်မှတ်များ မရှိခဲ့ခြင်းလည်း ဖြစ်သည်။

ခြောက်ကြိမ်မြောက်မှစတင်ကာ နောက်ပိုင်းတွင် ရောင်းမကုန်ထီများ မကျန်ရှိစေရေးအတွက် ယခုထီဖွင့်ပွဲတွင် အက္ခရာ ၃၆ လုံးပါဝင်သည့် ထီစာအုပ် ၂၉ သန်းကျော်ကို ရောင်းချခဲ့ရပြီး အောင်ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် ဝယ်ယူမှုအနေအထားကို ချိန်ညှိကာ ထီစာအုပ်များကို ထုတ်ခဲ့သည့်အတွက် လက်ကျန်မရှိ ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ထီစာအုပ်များသည် အနည်းဆုံး သုံးလကြိုမှာမယ်။ နောက်ပြီးတော့ တစ်လကြိုယူရတာဖြစ်တဲ့အတွက်ကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအားမကိုက်တာရှိတတ်ပါတယ်။ အဲ့ဒီလိုမကိုက်တဲ့အချိန်မှာ ကြိုတင်ပြီးတော့ ခန့်မှန်း ရတယ်။ အောင်ဘာလေသိန်းဆုဌာနဘက်ကလည်း ကြိုတင်ခန့်မှန်းရသလို ဝယ်ယူတဲ့ ကိုယ်စားလှယ် ဘက်ကလည်း ခန့်မှန်းရတယ်။ များသောအားဖြင့်တော့ အပြောင်းအလဲစတင်ချိန်မှာ ဖြစ်တတ်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားမျှတပါတယ်။ အခု ခြောက် ကြိမ်မြောက်ကစပြီးတော့ နောက်ပိုင်းမှာ မရောင်းရထီကျန်ရှိမှုကို ရှောင်ရှားနိုင်မယ်လို့ ထင်ပါတယ်” ဟု ၄င်းက ပြောသည်။

ခြောက်ကြိမ်မြောက်ထီဖွင့်ပွဲတွင် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်းပေါင်းသုံးသောင်းနီးပါးရှိခဲ့ပြီး ၆ဝ ရာခိုင် နှုန်းကို ထီဆုမဲများအဖြစ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သတ်မှတ်ရက်အတွင်း လာရောက် ထုတ်ယူခြင်း မရှိသော ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကို ဝေဝေဆာဆာဆုမဲများအဖြစ် ချီးမြှင့်ခဲ့ကြောင်း လည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly