မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင် လူနေအိမ်များ ပြိုကျ

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင် လူနေအိမ်များ ပြိုကျ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် ၁ ။         ။ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်တို့ရှိ ကျေးရွာတချို့တွင် ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံး နီးပါးပြိုကျပျက်စီးခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး များထံမှ သိရသည်။

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်က မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံး ပြိုကျခဲ့ပြီး ကျန် လူနေအိမ် ၄ လုံးမှာ အမိုးအကာ များ ပျက်စီးခဲ့သည်။

“ဖြစ်တာက မနေ့ ညနေပိုင်းက ဖြစ်တာပါ၊ ကျွန်တော်ရဲ့ ကျေးရွာအုပ်စုဖြစ်တဲ့ ပဲ့တိုင်ကျေးရွာမှာ ဖြစ်တယ်၊ လူနေနေတဲ့ အိမ်နှစ်လုံးမှာ (လုံးဝ) ပြိုကျပျက်စီး သွားပါတယ်၊ ကျန်တဲ့ အိမ် ၄ လုံးကတော့ အမိုး အကာတွေ လန်ထွက်သွားပါတယ်”ဟု ကျွဲခရံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောသည်။

ထို့အပြင် မြိတ်မြို့နယ်ရှိ တုံးဗျော ကျေးရွာအုပ်စု၊ တုံးဗျော ကျေးရွာတွင်လည်း ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် သုံးလုံးပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
“အိမ်ကတော့ သုံးလုံးလောက် ပြိုကျ ပျက်စီးသွားပါတယ်။ လူတွေကတော့ ထိခိုက်မှုမရှိပါဘူး”ဟု တုံးဗျော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူက ပြောသည်။

အဆိုပါ မြို့နယ်နှစ်ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ငါးလုံး ပြိုကျပျက်စီးခဲ့ပြီး၊ လေးလုံးမှာ အမိုး အကာများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သြဂုတ် တစ်ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျွန်းစုမြို့နယ်ရှိ စခန်းသစ် ကျေးရွာနှင့် ၀ါးအော်ကျေးရွာတို့၌ လှိုင်းကြီး၍ လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက် ပျက်စီး မှုများ ရှိနေကြောင်း သိရသည်။

ထိုသို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့်ပြည်သူများကို လူကယ်ပြန် ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများကို သြဂုတ်လ တစ်ရက်နေ့တွင် သွားရောက် ထောက်ပံ့ကူညီပေးရန် ပြင်ဆင် နေကြောင်း သိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required