ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ

ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် –

  •     နားနားနေနေ နေပါ။
  •     ရေများများသောက်ပါ။
  •     ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။
  •     အာဟာရပြည့်ဝအောင်စားပါ။
  •     Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။

အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ဒါမှ ဆင်တုပ်ကွေးလက်ကျန် ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်မှာပါ။
မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ
ရေ

တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။
အုန်းစိမ်းရည်

အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။
အစိမ်းရင့်ရောင်အသီးအရွက်

အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။
စွပ်ပြုတ်

အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။
ပန်းသီးနဲ့ ငှက်ပျောသီး

ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။
Omega 3 Fatty Acids

Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊ လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဗီတာမင် C နဲ့ E

ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။
ရှောင်ရမှာက –

  •     အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။
  •     ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။
  •     ဆေးလိပ်၊  အရက် ရှောင်ပါ။
  •     ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ပါ။
  •     အပူအစပ်တွေ ရှောင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly