တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ

By တင်ထက်ပိုင် & ချမ်းသာ
01 August 2019
တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ
7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ခင်သီရိသက်မွန်ကို ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ (Credit- 7th Sense Creation Facebook Page)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးနှင့်ချွေးမတို့သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရုပ်ရှင်အနုပညာဖျော်ဖြေရေးကုမ္ပဏီများကို တည်ထောင်ခဲ့ကြပြီး အချိန်တိုအတွင်းမှာပင် ခြေလှမ်းသွက်ကာ အနုပညာအသိုင်းအဝိုင်းတွင် ငွေကြေးဖောဖောသီသီ သုံးစွဲနိုင်သည့် ကုမ္ပဏီများ ဖြစ်လာသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သမီး မခင်သီရိသက်မွန်သည် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်သည့် Seventh Sense Company Limited နှင့် ဗိုလ်ချုပ်မှူးကြီး၏ချွေးမ မမျိုးရတနာထိုက်မှာ ရုပ်သံဇာတ်လမ်းတွဲနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲ စသည်တို့ကို တင်ဆက်နေသည့် “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) အမည်ရ ဖျော်ဖြေရေးကုမ္ပဏီတို့ကို အသီးသီး တည်ထောင်ထားကြသည်။

အသက် ၃၇နှစ်စီ ရှိကြသည့် ထိုအမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ကုမ္ပဏီများအား ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီများသည် ရုပ်ရှင်နှင့်အနုပညာဖျော်ဖြေရေး ကဏ္ဍအတွင်း ခန့်မှန်းခြေ နှစ်စဉ် ကျပ်သိန်းပေါင်း သောင်းချီကာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ မခင်သီရိသက်မွန်နှင့် မမျိုးရတနာထိုက်တို့ကို Myanmar Now အနေဖြင့် တွေ့ဆုံမေးမြန်းခွင့် မရခဲ့ဘဲ 7th Sense ၏ ဒါရိုက်တာအဖွဲ့ဝင် ကိုဝေမင်းမောင်နှင့်သာ တွေ့ဆုံခွင့်ရခဲ့ပါသည်။

ကိုဝေမင်းမောင်ကတော့ မခင်သီရိသက်မွန်သည် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံထားခြင်းမှာ ငွေကြေးအမြတ်အစွန်းအတွက် မဟုတ်ဘဲ အနုပညာလုပ်ငန်းကို ခုံမင်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောပြသည်။

“အနုပညာအရ စိတ်တူကိုယ်တူ ဖြစ်တဲ့သူတွေ ပေါင်းလိုက်တဲ့ သဘောပါပဲ” ဟု အသက် ၃၁ နှစ်အရွယ်ရှိ ၎င်းက ပြောသည်။

တပ်ချုပ်အားပေးသော ဇာတ်ကား

7th Sense ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် “မုန်းစွဲ” ဇာတ်ကားသည် ရုံတင်စဉ်က ပရိသတ်အားပေးမှုကြောင့် နှစ်လဆက်တိုက် ပြသခွင့်ရခဲ့သည်။ လျှမ်းလျှမ်းတောက် သရုပ်ဆောင်များဖြစ်သည့် နေတိုး နှင့် ဖွေးဖွေးတို့ ပါဝင်ထားသည့် “မုန်းစွဲ” သည် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆုနှင့် ရုပ်ရှင်ဓာတ်ပုံဆု နှင့် အသံဆုတို့ ရရှိခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ထိုဇာတ်ကားကို နေပြည်တော်ရှိ ရုပ်ရှင်ရုံတစ်ရုံသို့ ကိုယ်တိုင်သွားရောက် အားပေးကြည့်ရှုခဲ့ကြောင်း ကိုဝေမင်းမောင်ကဆိုသည်။

 “သတ္တမမြောက်အာရုံ” ဟု အဓိပ္ပာယ်ရသည့် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် “မုန်းစွဲ” အပြင် “တိမ်တိုက်တံတား” ၊ “အခမ်းနားဆုံးမေတ္တာ” ၊ “ဧည့်သည်” ၊ “မဟူရာရုပ်ရှင်ရုံ” ၊ “ဒဏ္ဍာရီမိုး” စသည့် ရုပ်ရှင်ဇာတ်ကားများ အပါအဝင် ရုံတင်ဇာတ်ကား ရှစ်ကားကို နှစ်နှစ်တာကာလအတွင်း စီစဉ်ထုတ်လုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်၊ ဘောက်ထော် ၁၅ ရပ်ကွက် ၊ သုခိတာလမ်း၌တည်ရှိသော 7th Sense ကုမ္ပဏီကို ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ မခင်သီရိသက်မွန်၊ ကိုဝေမင်းမောင်၊ ကိုကိုနိုင် (ခေါ်) ကိုနိုင်ဖြိုးကျော်နှင့် ကိုစန်းကိုကိုတင့်ဆန်းတို့ ဖြစ်သည်။

ဒါရိုက်တာအဖွဲ့ဝင် လေးယောက်အနက် ကိုဝေမင်းမောင်၊ ကိုစန်းကိုကိုတင့်ဆန်းနှင့် ကိုနိုင်ဖြိုးကျော် တို့ကိုသာ ကုမ္ပဏီ၏လှုပ်ရှားမှုများတွင် တွေ့ရလေ့ရှိပြီး မခင်သီရိသက်မွန်ကိုမူ တွေ့ရခဲသည်။

ရင်းနှီးသူများက “မသီရိ” ဟု ခေါ်ဝေါ်သည့် မခင်သီရိသက်မွန်သည် 7th Sense က ထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ၏ အဝတ်အစားဒီဇိုင်းအတွက် အကြံဉာဏ်ပေးခြင်း၊ ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးနိုင်မည့် ဝတ္ထုများကို အကြံပေးခြင်းနှင့် ထုတ်လုပ်ရေး၏ ငွေရေးကြေးရေးအဝင်အထွက် မျှတမှုကို စီမံခန့်ခွဲခြင်းတို့ကို တာဝန်ယူသည်ဟု ကိုဝေမင်းမောင်က ဆိုသည်။

7th Sense ထုတ်လုပ်ရေးသည် လက်ရှိတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည့် နေတိုး၊ ထူးအောင်၊ ရွှေထူး၊ ဝတ်မှုန်ရွှေရည်၊ နေခြည်ဦးတို့အပြင် ဒါရိုက်တာ သြရသ၊ ဝင်းလွင်ထက်တို့နှင့် သီးသန့်စာချုပ်များ ချုပ်ဆိုကာ ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ထုတ်လုပ်နေသည်။ ယင်းအနုပညာပညာရှင် ခုနစ်ဦးနှင့် လက်တွဲလုပ်ဆောင်မည့်အကြောင်း ကြေညာသည့် လွန်ခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ မီဒီယာရှင်းလင်းပွဲသို့ အခြားဒါရိုက်တာအဖွဲ့ဝင် သုံးဦးနှင့်အတူ ဒေါ်ခင်သီရိသက်မွန်လည်း ရှားရှားပါးပါး တက်ရောက်ခဲ့သည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်သည့် ဦးဝေမင်းမောင်၊ ဒေါ်ခင်သီရိသက်မွန် ၊ ဦးစန်းကိုကိုတင့်ဆန်း နှင့် ဦးနိုင်ဖြိုးကျော် တို့ကို ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ  (Credit- 7th Sense Creation Facebook Page)

7th Sense ထုတ်လုပ်ရေး၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲသည့် ကိုဝေမင်းမောင်သည် Forever Group ကုမ္ပဏီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့ ပူးပေါင်းထားသည့် MRTV-4 ရုပ်သံလိုင်းတွင် ဘောလုံးပွဲသုံးသပ်သူအဖြစ် ၂၀၀၉ ခုနှစ်မှ စတင်ကာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ADMA Media၊  အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းနှင့် သားသမီးများပိုင်ဆိုင်သော A.C.E ကုမ္ပဏီများအုပ်စု၊ စသည်တို့တွင် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်။

ကိုဝေမင်းမောင်သည် ရုပ်သံဇာတ်လမ်းတွဲများ စီစဉ်ထုတ်လုပ်နေသည့် Myanmar Media Seven နှင့် တေးဂီတထုတ်လုပ်ရေး ကုမ္ပဏီ V7 Entertainment တို့ကိုလည်း သူငယ်ချင်းဖြစ်သူ ဦးနိုင်ဖြိုးကျော်နှင့်အတူ ပူးပေါင်းလုပ်ကိုင်နေသည်။ Myanmar Media Seven က ရိုက်ကူးထုတ်လုပ်သည့် ရုပ်သံဇာတ်လမ်းတွဲများကို SkyNet နှင့် MNTV ရုပ်သံလိုင်းများတွင် ပြသလျက်ရှိသည်။

ဒါရိုက်တာအဖွဲ့ဝင် စန်းကိုကိုတင့်ဆန်းသည် သမ္မတဦးသိန်းစိန်လက်ထက်က အားကစားဝန်ကြီးဖြစ်ခဲ့သည့် ဦးတင့်ဆန်း၏သားအငယ်ဖြစ်ပြီး ၎င်း၏အစ်ကို ဖြိုးကိုကိုတင့်ဆန်းမှာ တရားမဝင် လက်နက်၊ မူးယစ်ဆေး၊ ဆက်သွယ်ရေးစက် အစရှိသည့် ပစ္စည်းများနှင့်အတူ ၂၀၁၇ ခုနှစ်က နေပြည်တော်လေဆိပ်မှာ ဖမ်းခံရသဖြင့် စုစုပေါင်း အမှု ၁၄ ခု ဖြင့် အမှုရင်ဆိုင်နေရသည်။

ကိုစန်းဟု ခေါ်ကြသည့် ကိုစန်းကိုကိုတင့်ဆန်းသည် တေးသီချင်းများ ရေးစပ်ခြင်းကို နှစ်သက်ပြီး ထုတ်လုပ်ရေးအတွက် ဇာတ်လမ်းရွေးချယ်မှုအပိုင်းနှင့် တေးဂီတပံ့ပိုးမှုအပိုင်းတို့တွင် အကြံဉာဏ်ပေးလေ့ရှိသည်ဟု ကိုဝေမင်းမောင်က ပြောသည်။

ကျန်ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးမှာ ဦးကိုကိုနိုင် (ခ) နိုင်ဖြိုးကျော် ဖြစ်သည်။ ၎င်းသည် VeVe အချိုရည် ထုတ်လုပ်သည့် Green Circle ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ပြီး အလှမယ်မိုးစက်ဝိုင်၏ အစ်ကိုလည်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် မိသားစုမျိုးရိုးမှ ဆင်းသက်လာသည့် ကိုနိုင်ဖြိုးကျော်သည် ရုပ်ရှင်ဇာတ်ကားများအတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် နိုင်ငံတကာဈေးကွက်ကို တာဝန်ယူသည်ဟု ကိုဝေမင်းမောင်က ဆိုသည်။

ငွေကြေး အမြောက်အများ သုံးစွဲ

7th Sense သည် နာမည်ရှိ ရုပ်ရှင်သရုပ်ဆောင်များကို ဈေးကွက်ပေါက်ဈေးထက် မြင့်မားသော သရုပ်ဆောင်ခကို ပေးပြီး ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေးအတွက် ငွေကြေး အလွန်သုံးစွဲနိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက ဆိုသည်။

သရုပ်ဆောင်နေတိုးသည် 7th Sense နှင့် သီးသန့်စာချုပ်မချုပ်မီက ရုပ်ရှင်တစ်ကားအတွက် ကျပ်သိန်း ၃၀၀ မှ ၅၀၀ အထိ ခေါ်ကြေးရှိခဲ့သော်လည်း 7th Sense နှင့်စာချုပ်ချုပ်သည့်အခါ ကုမ္ပဏီအတွက် တစ်နှစ်အတွင်း ရုပ်ရှင် ခြောက်ကားမှ ရှစ်ကားအထိ ရိုက်ကူးရမည်ဖြစ်ပြီး တစ်ကားလျှင် ကျပ်သိန်း ၇၀၀ ဖြင့် စာချုပ်ချုပ်ခဲ့သည်ဟု ထိုအသိုင်းအဝိုင်းထံမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

7th Sense သည် ရုံတင်ဇာတ်ကားတစ်ကားလျှင် ထုတ်လုပ်ရေးစရိတ်ကို အနည်းဆုံး ကျပ်သိန်း ၂၅၀၀ မှ အများဆုံး သိန်း ၄၀၀၀ ခန့်အထိ သုံးစွဲကြောင်း၊ သိန်း ၃၀၀၀ခန့် အကုန်အကျခံ ရိုက်ကူးခဲ့သည့် “မုန်းစွဲ” ဇာတ်ကားသည် 7th Sense ထုတ်လုပ်ရေး၏ အအောင်မြင်ဆုံးနှင့် ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့ကြောင်း ကိုဝေမင်းမောင်က ပြောသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ခင်သီရိသက်မွန်ကို ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ (Credit- 7th Sense Creation Facebook Page)

Myanmar Media Seven နှင့် 7th Sense တို့ ပူးပေါင်းပြီး အောက်တိုဘာလတွင် စတင်ရိုက်ကူးမည့် ‘ကောင်းကင်မရှိတဲ့ကြယ်’ ရုပ်ရှင်ကားအတွက် နေတိုး၊ မိုးစက်ဝိုင်အပြင် ထိုင်းသရုပ်ဆောင် Ken Phuphoom Pongpanu ပါ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာအဖြစ် ဩရသက တာဝန်ယူမည်ဖြစ်သည်။ ထုတ်လုပ်ရေးစရိတ်ကို နှစ်ဆအောက် မနည်းသောငွေကြေး သုံးစွဲပြီး နိုင်ငံတကာဈေးကွက်တွင် သွားရောက်ပြသမည်ဖြစ်ကြောင်း ကိုဝေမင်းမောင်က ပြောသည်။

ယင်းကဲ့သို့ ငွေကြေးအင်အား သုံးစွဲနိုင်မှုကြောင့် ထုတ်လုပ်ရေးတွင် ပါဝင် ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးခဝါချမှုများ လုပ်ဆောင်နေနိုင်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းတွင် ဝေဖန်စွပ်စွဲမှုများလည်း ရှိသည်။ ယင်းဝေဖန်မှုများနှင့်အပေါ် ကိုဝေမင်းမောင်က ပယ်ချလိုက်ပြီး ၎င်းအနေဖြင့် အပြင်လူများ၏ ဝေဖန်မှုကို လက်သင့်ခံနိုင်ကြောင်း၊ လိပ်ပြာသန့်ရန်သာ အရေးကြီးကြောင်း ဆိုသည်။

“(ကျွန်တော်) တို့ ငွေရေးကြေးရေးမြှုပ်နှံတာဟာ တကယ့်ကို အနုပညာကို ချစ်တာကြောင့်မို့လို့ မြှုပ်နှံတာပါလား၊ တကယ်တတ်လို့ တကယ့်ကို အနုပညာအပေါ်မှာ တကယ်ကို အာရုံအပြည့်ရှိလို့ လုပ်တာပါလားဆိုတာ တဖြည်းဖြည်း နောက်ကျရင် သိလာတဲ့အခါ ဒီလိုမျိုး ဝေဖန်သုံးသပ်မှုတွေက ပျောက်သွားပါလိမ့်မယ်” ဟု ကိုဝေမင်းမောင်က တုံ့ပြန်သည်။

သတင်းစာဆရာအသင်းကိုငွေလှူတဲ့ စတယ်လာဆဲဗင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ချွေးမ ဒေါ်မျိုးရတနာထိုက်သည်လည်း “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) ကို ထူထောင်ထားသည်။ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်တွင် တည်ရှိသော Stellar Seven Entertainment ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်မှတ်ပုံတင်ခဲ့ကြောင်း DICA ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဒေါ်မျိုးရတနာထိုက် တစ်ဦးတည်းသာ တွေ့ရပြီး ၎င်း၏ခင်ပွန်း ဦးအောင်ပြည့်စုံ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား) ပါဝင်ပတ်သက်မှု ရှိမရှိကိုတော့ မသိရပါ။

Stellar Seven သည် ၂၀၁၇ ခုနှစ်မှစကာ Miss Myanmar International အလှမယ်ပြိုင်ပွဲများကို စီစဉ်ကျင်းပခြင်း နှင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခြင်းအပြင် ယမန်နှစ်တန်ဆောင်တိုင်က “ဆေးပေါင်းခတဲ့ရန်ကုန်ည” စတိတ်ရှိုးပွဲကိုလည်း စီစဉ်ကျင်းပခဲ့သည်။ Stellar Seven က ရိုက်ကူးသည့် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲကို ပြည်တွင်းအခမဲ့ ရုပ်သံလိုင်းတစ်လိုင်းဖြစ်သော Fortune TV Channel တွင် စနေနေ့ညတိုင်း ထုတ်လွှင့်ပြသနေသည်။

Miss Myanmar International 2018 Grand Final အခမ်းအနားတွင် တပ်ချုပ်၏ချွေးမဖြစ်သူ မမျိုးရတနာထိုက် (အလယ်တည့်တည့်ပုဝါဖြင့်သူ) အားတွေ.ရစဉ်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) က ဦးစီးစီစဉ်သည့် ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲ Star Awards အခမ်းအနားအတွက် Stellar Seven က ကျပ်သိန်း ၄၀၀၀ ခန့် အကုန်အကျခံ ပံ့ပိုးပေးခဲ့သည်ဟု MJA ရှိ အမည်မဖော်လိုသူ အကြီးအကဲတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုပမာဏသည် နှစ်စဉ်ကျင်းပသော ရုပ်ရှင်အကယ်ဒမီပေးပွဲ ကုန်ကျစရိတ်ထက် နှစ်ဆခန့် များပြားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှစ်စဉ် ကျင်းပလေ့ရှိသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (ခေါ်) အကယ်ဒမီပေးပွဲ၏ ကုန်ကျစရိတ်မှာ ရွှေစင်ရုပ်တု ပြုလုပ်ခြင်းနှင့် အသေးသုံးစရိတ်များ မပါဝင်လျှင် သိန်း ၁၅၀၀ ခန့် ရှိကြောင်း အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက Myanmar Nowကို ပြောပြသည်။

Star Awards အခမ်းအနားကို ယခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး MJA ကို Stellar Seven က ငွေကျပ် သိန်း ၃၀၀ မေလဆန်းပိုင်းက လှူဒါန်းခဲ့ကြောင်း Stellar Seven ၏ အင်တာနက်လူမှုကွန်ရက်ပေါ်တွင် တွေ့ရသော မှတ်တမ်းဓာတ်ပုံများအရ သိရသည်။ အလှူငွေကို ဒေါ်မျိုးရတနာထိုက်က ပေးအပ်ခဲ့ပြီး ‘ရွှေအမြုတေ’ မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက MJA ကိုယ်စား လက်ခံယူခဲ့သည်ကို တွေ့ရသည်။

ယင်းအလှူငွေသည် အသင်း၏ “ရန်ပုံငွေ” အတွက် လှူဒါန်းခြင်း ဖြစ်ကြောင်း ဦးဝင်းငြိမ်းက Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA)က ဦးစီးစီစဉ်သည့် Star Awards ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲအခမ်းအနား

ကျောထောက်နောက်ခံအစွဲ

ဗိုလ်ချုပ်မှူးကြီး၏သမီး အပါအဝင် 7th Sense ထုတ်လုပ်ရေးတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသော ဒါရိုက်တာအဖွဲ့ဝင်များ၏ မိသားစုကျောထောက်နောက်ခံကြောင့် ထုတ်လုပ်ရေး၏ လုပ်ငန်းများအပေါ် သက်ရောက်မှုနှင့် လွှမ်းမိုးမှုရှိမရှိ Myanmar Now က မေးမြန်းရာ ကိုဝေမင်းမောင်က ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်သည့်အခါ ပုဂ္ဂိုလ်ရေးအစွဲနှင့် “နိုင်ငံရေးအရောင်” များကို မေ့ထားသည်ဟု ဖြေကြားသည်။

“ဘယ်ကလာတယ်၊ ဘယ်သူကလာတယ် ဆိုတာတွေထက် ကိုယ်တို့ ဆုံးဖြတ်ခဲ့တဲ့ဟာတွေ အကုန်လုံးက ပရိသတ်အပေါ်မှာ တကယ့်ကို အကျိုးရှိမယ့် ဇာတ်ကားမျိုး အဲဒါမျိုးတွေပဲ ဖန်တီးတာများတယ်။ ဘယ်ကလာတယ် ဆိုတာထက် အနုပညာအပေါ် ချစ်မြတ်နိုးတဲ့အပေါ်မှာပဲ ဆုံးဖြတ်တယ်” ဟု ၎င်းက ပြောသည်။

သို့သော် ပါဝင်ရင်းနှီးမြှုပ်နှံသူတို့၏ မိသားစုကျောထောက်နောက်ခံကြောင့်ပင် ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်ရိုက်ရန် ဝတ္ထုလာဝယ်သည့်အခါ မရောင်းလိုသည့် စာရေးဆရာများလည်း ရှိသည်ဟု စာရေးဆရာများနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောပြသည်။

“မရောင်းတဲ့ စာရေးဆရာတွေလည်း ရှိတယ်။ သူတို့ ကုမ္ပဏီတွေမို့လို့ မရောင်းတာ။ သူတို့ဆီကို (လာ)ဝယ်ရင် ဈေးကို မဖွင့်ဘူး။ စဉ်းစားဦးမယ်လို့ ပြောပြီး စကားမပြန်တော့ဘူး။ နောက်ခံကို မကြိုက်လို့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် SEVENTH SENSE COMPANY LIMITED နှင့် STELLAR SEVEN COMPANYတို့၏ ကုမ္ပဏီမှတ်တမ်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် SEVENTH SENSE COMPANY LIMITED နှင့် STELLAR SEVEN COMPANYတို့၏ ကုမ္ပဏီမှတ်တမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly