ကွတ်ခိုင်တွင် ကလေးနှစ်ဦးမိခင် အသတ်ခံရမှု တရားခံမမိသည့်အပေါ် ရှင်းလင်း

By ကရိုင်နူးရာ
31 July 2019
ကွတ်ခိုင်တွင် ကလေးနှစ်ဦးမိခင် အသတ်ခံရမှု တရားခံမမိသည့်အပေါ် ရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၃၁ ။          ။ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ နမ့်ဆောင်ကျေးရွာတွင် နေထိုင်သော ကလေးနှစ်ဦး၏ မိခင် ဒေါ်နန်ထန် အသတ်ခံရမှုအတွက် ယနေ့အထိ တရားခံဖမ်းမခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

အဆိုပါအမှုအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို  ဇူလိုင်လ ၃၁ရက်နေ့က ရန်ကုန်မြို့ House of Orchid ၌ ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ လာရှိှုးရဲစခန်းမှ ကျေးရွာနေ ပြည်သူများကိုသာ ခေါ်ယူစစ်ဆေးခဲ့ပြီး အခင်းဖြစ်ပွား သည့်နေ့တွင် ဒေါ်နန်ထန်အိမ်သို့ သုံးကြိမ်ခန့် လာရောက်ခဲ့သည့် တပ်မတော်မှ စစ်သားနှစ်ဦးအား ခေါ်ယူ စစ်ဆေးခြင်း မရှိခဲ့သဖြင့် အမှုမှန်ပေါ်ပေါက်စေရန် သတင်းစာရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ မောင်နှမတွေကတော့ ဘာမှမလိုချင်ပါဘူး။ အမြန်ဆုံး တရားခံဖမ်းမိပြီး အမှုမှန်ပေါ်ပေါက် စေဖို့ အတွက်ပဲ တရားမျှတမှု ရစေချင်တယ်" ဟု အသတ်ခံရသူ ဒေါ်နန်ထန်၏ ညီမ ဒေါ်နန်မိုင်မှ ပြောသည်။

ဒေါ်နန်ထန်သည် ယခင်က နမ့်ဖတ်ကာ စစ်ရှောင်စခန်းတွင် နေထိုင်သူဖြစ်ပြီး သမီးနှစ်ဦးနှင့် နာမကျန်း ဖြစ် နေသည့် ခင်ပွန်းသည်ကို စောင့်ရှောက်နိုင်ရန်အတွက် မူလနေအိမ်သို့ပြန်ကာ စျေးရောင်း၍ ဝမ်းစာရှာနေစဉ် ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် အသတ်ခံရခြင်း ဖြစ်သည်။

လက်ရှိ နမ့်ဆောင်ကျေးရွာတွင် ခလရ (၂၆၁)မှ တပ်စခန်းချထားသည့် ကျေးရွာဖြစ်ပြီး ထိုဒေသအနီးအနားတွင်  KIA နှင့်TNLA တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည်။

"စစ်ရှောင်စခန်းမှာနေလည်း ဝမ်းရေးအတွက် မလောက်တော့ ကလေးတွေ ရှေ့ရေးအတွက်ဆိုပြီး ရွာမှာ စစ်သားတွေ ရှိလည်း သူတို့က ပြည်သူတွေကို ကာကွယ်ပေးတာဆိုတော့ လုံခြုံမယ်ထင်လို့ ရွာပြန်ခဲ့ကြတာ။ အခုဒီလိုဖြစ်သွားတော့ ကျေးရွာမှာနေတဲ့ သူတွေအားလုံး အရမ်းကြောက်ကုန်ပြီ။ ရှေ့ဆက်ပြီး ဘယ်လို နေရ မယ်ဆိုတာ မသိတော့ဘူး။ အမြန်ဆုံး တရားခံဖမ်းမိဖို့နဲ့ တရားမျှတမှု ရှိဖို့ အားလုံးကို တောင်းဆိုချင်တယ် " ဟု ဒေါ်နန်ထန် မသေဆုံးခင် တစ်ပတ်ခန့်အတူနေခဲ့သူ ဒေါ်ဂျာနန်မှ ပြောသည်။

ယခုလို ဖြစ်ပွားရခြင်းသည် ပြည်တွင်းမငြိမ်သက်မှုများနှင့် ပြည်သူများ လုံခြုံမှုအားနည်း၍ ဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် အမျိုးသမီးများလုံခြုံမှုကို ရလိုကြောင်း ရှမ်းပြည်နယ်ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ခံ ဒေါ်လွမ်းညွယ်မှ ပြောသည်။

“ငြိမ်းချမ်းချင်ပြီ၊ အမျိုးသမီးထုတွေလည်း လုံခြုံမှုရချင်ပြီ။ တရားဥပဒေစိုးမိုးမှုရှိပြီး အမှန်တရားကို အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်" ဟု ဒေါ်လွမ်းညွယ်မှ ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သတ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်သို့ တိုင်စာပို့ထားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ကိုလည်း တိုင်စာပေးပို့သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly