ဂြိုဟ်တု လွှတ်တင်ပြီးပါက ဆက်သွယ်ရေးနက်ဝပ်ခ်များ ပိုမိုလျင်မြန်ကောင်းမွန်လာရန် မျှော်မှန်း

ဂြိုဟ်တု လွှတ်တင်ပြီးပါက ဆက်သွယ်ရေးနက်ဝပ်ခ်များ ပိုမိုလျင်မြန်ကောင်းမွန်လာရန် မျှော်မှန်း

ရန်ကုန်၊ ဇူလိုင် ၃၁ ။          ။ လာမည့် သြဂုတ် ၆ ရက်နေ့တွင် ဂြိုဟ်တု Intelsat 39 လွှတ်တင်ပြီးပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နက်ဝပ်ခ်များအတွက် ပိုမိုလျင်မြန်စွာ ကောင်းမွန်လာမည်ဟု မြန်မာနိုင်ငံ၏ သတင်းအချက်အလက်၊ နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ မျှော်မှန်းထားသည်။

မြန်မာနိုင်ငံမှ ပါဝင်သည့် ဂြိုဟ်တု Intelsat 39 (Myanmar Sat 2 )ကို ဩဂုတ် ၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲ ၊ မြန်မာစံတော်ချိန် ဩဂုတ် ၇ ရက်၊ နံနက် ၂ နာရီတွင် တောင်အမေရိကတိုက်၏ ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်း (Ariane Space Launch Base)မှ လွှတ်တင်မည် ဟု ပြင်သစ်ကုမ္ပဏီ Arianespace မှ ကြေညာထားသည်။

ထိုသို့ လွှတ်တင်ပြီးပါက မြန်မာနိုင်ငံရှိ ဖိုင်ဘာဆက်သွယ်ရေးကွန်ရက်များ၊ ဆက်သွယ်ရေး နက်ဝပ်ခ်များ၊ အင်တာနက်လိုင်းများ ပိုမို မြန်ဆန်ကောင်းမွန်လာမည် ဖြစ်ပြီး လာမည့် အောက်တိုဘာလမှာ စတင် အသုံးပြုနိုင်မည်ဟု သိရကာ အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများပါ အသုံးပြုနိုင်မည်ဟု သိရသည်။

ဂြိုဟ်တုလွှတ်တင်ရေးအတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့် ကုန်ကျကြောင်း မြန်မာနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနဘက်မှ သိရသည်။

 ဂြိုဟ်တုလွှတ်တင်ပြီးပါက “e – Application တွေ မြန်မာနိုင်ငံ၏ မည်သည့်နေရာမဆို အသုံးပြုနိုင်ကြောင်း၊ e-Education၊ e-Health ပြည်သူ့ဝန်ဆောင်မှုများပေးလာနိုင်ကြောင်း၊ စီးပွားရေးတိုးတက်လာနိုင်ကြောင်း” ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က သတင်းနှင့်ပြန်ကြားရေးသို့ ဖြေဆိုထားသည်။

ဂြိုဟ်တုတည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန နှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်က စတင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်တွင် လွှတ်တင်နိုင်ခြင်း ဖြစ်သည်။

ယခင်က မြန်မာအစိုးရအနေဖြင့် ဂြိုဟ်တုများကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့မှ ငှားရမ်းအသုံးပြုပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ပေးရကြောင်း သိရသည်။

ဂြိုဟ်တုလွှတ်တင်မှုကို ယင်းနေ့တွင် www.arianespace.comတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly