သဘာဝဘေးကြုံတွေ့ခဲ့ရသော ပြည်သူ ငါးထောင်ကျော်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

သဘာဝဘေးကြုံတွေ့ခဲ့ရသော ပြည်သူ ငါးထောင်ကျော်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဇွန်လ ၂၈ရက်နေ့ မှ ဇူလိုင်လ၂ရရက်အတွင်း သဘာဝဘေးကြုံတွေ့ခဲ့ရသော ပြည်သူငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကျေးရွာများတွင် ရေဘေးနှင့် ကမ်းပြိုမှုဘေးကို ရင်ဆိုင်ခဲ့ရသော ပြည်သူ ၄၉၀၁ ဦးအတွက် ငွေကျပ် သိန်း၅ရဝကျော် တန်ဖိုးရှိသော ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

“ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေရာတွေမှာ ရေဝင်တာတွေ ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေကို ဘေးလွတ်တဲ့နေရာတွေ ကုန်းအမြင့်ပိုင်းလိုနေရာမျိုးတွေ ၊ ဘုရားတန်းဆောင်းတွေဆီကို ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။ မြစ် ကြမ်းပြင်တွေမြင့်လာပြီး ရေစီးကြောင်းတွေကလည်း ကမ်းပါးတွေကို တိုက်စားနေတဲ့အတွက် ပြိုကျနေပါတယ်။

သဘာဝဘေး တွေဖြစ်လာရင် ထောက်ပံ့မှုတွေ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင် သွားမှာပါ ” ဟု မကွေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

ထို့အပြင် ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ(၁၂)ရွာ ၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ(၁၀)ရွာ ၊ စလင်းမြို့နယ်ရှိ ကျေးရွာ (၁၉)ရွာ ၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာနှစ်ရွာ ၊ ချောက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာ ၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာ သုံးရွာ ၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာနှစ်ရွာအပါအဝင် စုစုပေါင်း ကျေးရွာ(၅၀)တွင် ကမ်းပြိုမှုကြုံခဲ့ရပြီး အိမ်ထောင်စုပေါင်း(၄၁၅)စု ၊ လူဦးရေပေါင်း ၁၇၄၀ အတွက် ဆန်ရိက္ခာ (၃၆)သိန်းကျော်ဖိုး၊ အိမ်ဆောက် ပစ္စည်း ကျပ် (၄၀၃)သိန်းဖိုး နှင့် ကယ်ဆယ်ရေး ပစ္စည်း (၆၉)သိန်းကျော်ဖိုးတို့ကို ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ချောက် ၊ ရေနံချောင်း ၊ မကွေး ၊ကံမ ၊ မင်းဘူး ၊ စလင်း စသည့်မြို့နယ်ခြောက်ခုအတွင်း ရေဘေးကြုံ ခဲ့ရသည့်အိမ်ထောင်စုပေါင်း(၁၀၁၀)ဦး ၊ လူဦးရေ(၃၁၆၁)ဦးတို့အတွက် ဆန်ရိက္ခာ ကျပ် ၆၆သိန်းကျော်ဖိုး ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required