ရန်ကုန်တွင် နေအိမ် ဖောက်ထွင်းဝင်ရောက်ပြီး လူသတ်မှု နှစ်ရက်အတွင်း နှစ်မှု ဖြစ်ပွား

ရန်ကုန်တွင် နေအိမ် ဖောက်ထွင်းဝင်ရောက်ပြီး လူသတ်မှု နှစ်ရက်အတွင်း နှစ်မှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၃၁ ။                 ။ ရန်ကုန်တိုင်းဒေသကြီးတွင် နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်ကာ နေအိမ်ရှိလူများကို ဓားနှင့် ထိုးသတ်ခဲ့မှု  နှစ်ရက်အတွင်း နှစ်မှု  ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ် နှစ်ခုမှာ ဇူလိုင် ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တို့တွင် လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူသေဆုံးမှုပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အပေါ် လူအများအပြားက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ် “ဟိုးတုန်းက ခိုးမှုဆိုရင် အပြစ်က လျော့ပေါ့ပေးတယ်။ ပြစ်ဒဏ်တွေက သူခိုး ၊ ဓားပြ ၊ လူသတ်သမားတွေကို တန်းတူ မထားရဘူးလေ ။ သူခိုးဆိုလည်း ဒီလောက်နီးပါး ချတယ်။ ဓားပြဆိုလည်း ချတယ်ဆိုတော့ ခိုးမှုနဲ့တော့  မဝင်ချင်တော့ဘူးပေါ့။ သတ်ပြီးထွက်ပြေးတာက ကိုယ့်အတွက်လုံခြုံတယ်ဆိုပြီး ဖြစ်လာကြတယ်” ဟု တရားလွှတ်တော်ရှေ့နေ  ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့၊ နံနက် ၂ နာရီ ဝန်းကျင်အချိန်က လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက် အတွင်းရှိ ဦးလှဝင်း နေအိမ် သို့ ရဲနိုင်ထွန်းဆိုသူက ပစ္စည်းဝင်ရောက်ခိုးယူရာမှ အိမ်ရှင်များ သိရှိသွားသဖြင့် အသင့်ယူဆောင်လာသည့်ဓား ဖြင့် အိမ်ရှင်များဖြစ်ကြသည့် ဦးလှဝင်း နှင့် ဒေါ်ခိုင်မြင့်ထွန်းတို့ ထိုးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အိမ်ရှင်ဖြစ်သူ ဦးလှဝင်း နှင့် ဒေါ်ခိုင်မြင့်ထွန်း တို့ တွင် ယာရင်အုံ ၊ လက်ဖျံ ၊ ဝမ်းဗိုက် ၊ ပေါင် ၊ ခြေသလုံး ထိုးသွင်းပြတ်ရှဒဏ်ရာများ  ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကုသရာ တွင် ဒေါ်ခိုင်မြင့်ထွန်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်အတွက် ရဲနိုင်ထွန်းဆိုသူကို သောင်ကြီးနယ်မြေရဲစခန်း မှာ (ပ) ၂၀၄၉ /၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ /၃၂၆ / ၄၅၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

အခြားဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်အချိန်က မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်း၊ သဟပုညကာရီဆွမ်းလောင်းဓမ္မာရုံ ရှေ့ရှိ ၆ ထပ်တိုက်၊ တိုက်ခန်း လေးလွှာ၊ညာဘက်ခြမ်း ၏ တိုက်ခန်းနေအိမ်အတွင်းသို့ ပစ္စည်းများ ဝင်ရောက်ခိုးယူရာမှာတစ်ဆင့် လူသတ်မှု ဖြစ်ပွားခဲ့သည်။ ဓားဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည့်အမျိုးသား သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ဓားဒဏ်ရာများ အပြင်းထန် ရရှိခဲ့သည်။

 “သူတို့က ရှင်းရှင်းလေးပဲလေ ၊ လက်ရဲဇက်ရဲ ဖြစ်နေတဲ့ အတွေ့အကြုံရင့် ရာဇာဝတ်သားတွေ ဖြစ်ပုံရတယ်။ နောက် တစ်ချက်က ၊ သူတို့ကို မိလို့ရှိရင်  နောက်ထပ် ထောင်ထဲကို ပြန်မသွားချင်ကြဘူး။ အဲဒီတော့ တစ်ခါတည်း လူသတ်နှုတ်ပိတ်တာပေါ့” ဟု  အဆိုပါ ဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

အဆိုပါ ဖြစ်စဉ် နှစ်ခုစလုံးတွင် တူညီသည့်အချက်များမှာ နေအိမ်အတွင်း ဝင်ရောက်ကာ တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပြီး လူသေဆုံးမှုဖြစ်ခဲ့သောကြောင့် လူအများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly