မဘသ အမည်ပြောင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း မဟန ကြေညာချက်ထပ်ထုတ်

မဘသ အမည်ပြောင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း မဟန ကြေညာချက်ထပ်ထုတ်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန် ၊ ဇူလိုင် ၃၀ ။           ။ မဘသအမည်ပြောင်း အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို) အဖွဲ့ကို တရားမဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း မဟနက ကြေညာချက် ထပ်မံထုတ်ပြန် လိုက်သည်။

(ယမန်နေ့) ဇူလိုင် ၂၉ ရက်နေ့က ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ အစည်း အဝေးတွင် အထက်ပါ ဆုံးဖြတ်ချက်အပါအဝင် အချက်(၅) ချက်ကို အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်မတိုင်မီ မဘသအမည်ပြောင်းအဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသတို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကသြဝါဒပေးရန် ခေါ်ယူ ခဲ့သော်လည်း ဒုတိယဥက္ကဋ္ဌ ဆရာတော်သာ ကြွရောက်လာပြီးနောက် မဟနအနေဖြင့် သြဝါဒ ပေးမည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းမပြုတော့ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းနောက်  မဘသအမည်ပြောင်း အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ၏ လမ်းညွှန်မှု တောင်းခံခြင်းကို ပယ်ချရန် ၊ အဆိုပါအဖွဲ့သည် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်ကြောင်း ဆုံးဖြတ်ရန် ၊ အဖွဲ့အစည်း နာမည်အား သုံးစွဲခွင့်မပြုရန် ၊ တပြည်လုံးတွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များအား ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်  ၊ ဆုံးဖြတ်ချက်များအား မလိုက်နာပါက သံဃာ့အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူရန် စသည့် ဆုံးဖြတ်ချက်များကို မဟန အဖွဲ့က ထပ်မံပြီး ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် မဘသအမည်ပြောင်းအဖွဲ့နှင့်ပတ်သက်ပြီး  ၂၀၁၈ ခုနှစ် ဇူလိုင်လ ကတည်းက ချမှတ်ပြီးသားဖြစ်သည့် ဆုံးဖြတ်ချက်များကို ထပ်မံအတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။

သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ သည် ၁၉၉၀ ပြည့်နှစ် ထုတ်ပြန်ခဲ့သည့် ဥပဒေဖြစ်ပြီး အဆိုပါ ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သူများကို ထောင်ဒဏ် အနည်းဆုံး ၆ လ မှ အများဆုံး ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေလည်းဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာတွင် မဘသ အမည်ပြောင်းအဖွဲ့၏ အဓိကတာဝန်ရှိသူ ဦးဆောင် ဆရာတော်နှစ်ပါးအား ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့် ကိစ္စ ပြီးဆုံး သွားပြီဖြစ်သည်ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags