မန်ယူအသင်းထက် ရီးယဲလ်အသင်းကို ပိုလွမ်းတယ်လို့ Marca Legend ဆုကို လက်ခံရယူရင်း ဖွင့်ဟပြောဆိုသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

မန်ယူအသင်းထက် ရီးယဲလ်အသင်းကို ပိုလွမ်းတယ်လို့ Marca Legend ဆုကို လက်ခံရယူရင်း ဖွင့်ဟပြောဆိုသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို
Photos: EPA & AFP

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်နဲ့အတူ စွမ်းဆောင်ပြခဲ့တဲ့ အောင်မြင်မှုတွေကြောင့် အသိအမှတ်ပြုတဲ့အနေနဲ့ Marca အားကစားသတင်းစာမှ ချီးမြှင့်တဲ့ Marca Legend ဆုကို တနင်္လာနေ့က လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

အသက် (၃၄)နှစ်ရှိ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူးဟာ ဒီ Marca Legend ဆုကို လက်ခံရယူဖို့အတွက် မက်ဒရစ်မြို့ကို ၎င်းရဲ့အတူနေ ချစ်သူ အသက် (၂၅)နှစ်အရွယ် ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့အတူ ရောက်ရှိလာခဲ့သလို၊ ဆုပေးပွဲကို ၎င်းရဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်၊ ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Marca Legend ဆုကို အားကစားလောကမှာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်တဲ့ ဆုတံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒီဆုကို ၁၉၉၇ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး မိုဟာမက် အလီ၊ အူစိန်ဘော့၊ မိုက်ကယ် ဂျော်ဒန်၊ ပီလီ၊ မာရာဒိုနာ၊ မက်ဆီ အစရှိသူတွေက ရရှိထားပါတယ်။

ရော်နယ်လ်ဒိုဟာ ဇူလိုင်လက ဂျူဗင်တပ်စ်အသင်းကို ပေါင် (၉၉)သန်းနဲ့ ပြောင်းရွှေ့မသွားခင်က ရီးယဲလ်အသင်းနဲ့အတူ (၉)နှစ်တာ ဖြတ်သန်းခဲ့ပါတယ်။

ဘာနေဗျူးမှာ အဲဒီကာလတွေအတွင်း သူဟာ ချန်ပီယံလိဂ်ဖလား (၄)လုံး၊ စပိန်ဘုရင့်ဖလား (၂)လုံးနဲ့ လာလီဂါအမှတ်ပေးဖလား (၂)လုံး ဆွတ်ခူးခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ (၄၃၈)ပွဲကစားပြီး အံ့အားသင့်စရာ သွင်းဂိုးပေါင်း (၄၅၁)ဂိုးနဲ့အတူ ကလပ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးထားခဲ့ပါတယ်။

ဆုချီးမြှင့်ပွဲမှာ ရော်နယ်လ်ဒိုက "ဒီဆုကို ကျနော့်ရဲ့ ပြတိုက်ထဲက အလွန်ကောင်းမွန်တဲ့နေရာမှာ သေသေချာချာလေး ပြသထားမှာပါ။ မက်ဒရစ်ဟာ ကမ္ဘာ့အလှပဆုံးမြို့တွေထဲက မြို့တစ်မြို့ပါ။ ကျနော် ခရီးတွေ အများကြီး သွားဖူးပေမယ့် မက်ဒရစ်လိုမြို့ များများစားစား မတွေ့ဖူးပါဘူး။"လို့ ပြောပါတယ်။

"ပြီးတော့ ဒီဆုဟာ ရီးယဲလ်မက်ဒရစ်အတွက် ကျနော့်ရဲ့ တစ်ဦးချင်း ဆုဖလားအတွက် စွမ်းဆောင်ပြခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ချီးမြှင့်လိုက်တာလို့လည်း ထင်ပါတယ်။ ဒါကြောင့် ဒီဆုက စပိန်လူမျိုးတွေက ပေးတဲ့ ဆုမို့လို့ အရမ်းကို ဂုဏ်ယူမိပါတယ်လို့ ပြောပါရစေ။ "

"ကျနော့်ကို အောင်မြင်မှုရအောင် လုပ်ဆောင်ပေးခဲ့တဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဆုရရှိဖို့ ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မကြာခင် မက်ဒရစ်ကို ပြန်လာနိုင်ဖို့လည်း မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် ချစ်တဲ့မြို့ဖြစ်နေလို့ပါ။”

ပြီးတဲ့နောက်မှာ လူငယ်ပရိသတ်အချို့ရဲ့ မေးမြန်းမှုကို ဖြေကြားတဲ့ အစီအစဉ်မှာ မန်ယူနဲ့ ရီးယဲလ်အသင်း ဘယ်အသင်းကို ပိုပြီး လွမ်းသလဲဆိုတာကို ပြောပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုက "နှစ်သင်းစလုံးကို လွမ်းပါတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်မှာ အချိန်ပိုကြာကြာ နေခဲ့ရသလို မိသားစုကလည်း ဒီမှာပဲ ကြီးထွားလာတာကြောင့် ရီးယဲလ်မက်ဒရစ်ကိုတော့ ပိုလွမ်းပါတယ်။ ၉ နှစ်ကြာလောက် နေခဲ့ပြီးနောက်မှာ ရီးယဲလ်ကနေ ထွက်ခွာဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။"လို့ ပြန်ဖြေခဲ့ပါတယ်။

Ref; AFP, The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly