မြန်မာယူ -၁၅ အသင်း တီမောအသင်းကို ဂိုးပြတ် ရှုံးနိမ့် ၊ နှစ် ပွဲဆက် နိုင်ပွဲပျောက်ဆုံး

မြန်မာယူ -၁၅ အသင်း တီမောအသင်းကို ဂိုးပြတ် ရှုံးနိမ့် ၊ နှစ် ပွဲဆက် နိုင်ပွဲပျောက်ဆုံး
ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ဇူလိုင်လ ၂၉ ။       ။ ထိုင်းနိုင်ငံတွင် ကျင်းပနေသော အသက် ၁၅ နှစ်အောက် အာဆီယံချန်ပီယံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် နေသည့် မြန်မာ ယူ -၁၅ အမျိုးသားလက်ရွေးစင်အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် တီမောအသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃ ဂိုး - ၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဇူလိုင်လ ၂၉  ညနေ ပိုင်း က ချောင်ဘူရီမြို့တွင် ယှဉ်ပြိုင်ခဲ့သော အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် လူစုံ ထုတ်ကစားခဲ့သော်လည်း ပထမပိုင်းမှာပင် တီမောအသင်း၏ ဦးဆောင်ဂိုးသွင်းယူခြင်းကို ခံလိုက်ရသည်။မြန်မာ အသင်းအနေဖြင့် ချေပ ဂိုးရရှိရန်အတွက် ကြိုးစားခဲ့သော်လည်း ထိရောက်သော ဂိုးပေါက်ချိန်းခြောက်မှု အနည်းငယ်သာ ရရှိခဲ့သည်။

ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ချိန်တွင် ပွဲကစားချိန် ၄၈ မိနစ်၌ တီမော အသင်းမှ ဒုတိယဦးဆောင်ဂိုးကို ဆက် လက်သွင်းယူနိုင်ခဲ့ပြီး  ပွဲကစားချိန် ၇၃ မိနစ်အရောက်တွင် တီမောအသင်းအတွက် တတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် ၇၇ တွင် ပြန်လည်သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ ဂိုးများ ဆက်လက်သွင်းယူနိုင်ခြင်းမရှိခဲ့သောကြောင့် ၃-၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲု့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် ဇူလိုင်လ ၂၇ ရက်နေ့က စင်ကာပူအသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ပြီး ဂိုးမရှိသရေရလဒ်သာ ရရှိခဲ့သည်။ မြန်မာအသင်းအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ဖိလစ်ပိုင်းအသင်း နှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာယူ ၁၅ အသင်းတွင် မန္တလေးဘောလုံးအကယ်ဒမီမှ ကစားသမား အများစုဖြင့် ဖွဲ့စည်းထားပြီး ၊ နည်းပြ ချုပ် အသစ်ဖြစ်သော ဂျာမနီလူမျိုးနည်းပြသစ် တော်စတန်၊ လက်ထောက်နည်းပြများအဖြစ် ဂျပန်လူမျိုး တာကူမာ နှင့် ဦးတင်မောင်ဝင်း တို့က ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် အာဆီယံ ယူ ၁၅ ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းနေပြီး မြန်မာအသင်းသည် အုပ်စု(က) တွင် အင်ဒိုနီးရှား ၊ ဗီယက်နမ်၊တီမော၊ စင်ကာ ပူ၊ ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာအသင်းသည် ၂၀၁၈ ခုနှစ် အာဆီယံဘောလုံးပြိုင်ပွဲတွင် စတုတ္ထ အဆင့်ဖြင့်ရပ်တည်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly