နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ

နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိုးလေးမအေးလိုက်နဲ့ ချောင်းဆိုးတော့တာပဲ။ နေ့ခင်းဘက်တွေတော့ အကောင်းကြီး ညရောက်မှ ချောင်းတွေဆိုးနေတယ်။ TB ဖြစ်မှာဆိုးလို့ သလိပ်စစ်ကြည့်တော့လည်း ဘာပိုးမှ မတွေ့ဘူး။ ဒီတော့ TB လည်း မရှိဘဲ နာတာရှည်ချောင်းဆိုးတာက ဘာေ့ကြာင့် ဖြစ်ရတာလဲ။
TB တီဘီ ရောဂါ ကြောင့် မဟုတ်ဘဲ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

လူတိုင်းတော့ ချောင်းဆိုးဖူးကြပါတယ်။ တစ်ခါဆိုးရင် လပိုင်းလောက်က အကြာဆုံးပေါ့။ ၁ ပတ် ၂ ပတ်လောက်နဲ့ ပျောက်သွားတာက များပါတယ်။ ဒါပေမယ့် တစ်ချို့ နှစ်နဲ့ချီကြာတဲ့ နာတာရှည် ချောင်းဆိုးခြင်းတွေရှိပါတယ်။

ခုပြောပြမယ့် အချက်တွေ တစ်ချက်တည်းကဖြစ်စေ၊ အချက်တွေ ပေါင်းပြီးဖြစ်စေ သူတို့ကတွေက နာတာရှည ်ချောင်းဆိုးခြင်း ပြဿနာကိုဖြစ်စေတတ်ပါတယ်။
အဖြစ်များတဲ့ ပြဿနာတွေကတော့

  •     Postnasal drip – နှာခေါင်းကနေ နှပ်ရည်တွေ အထွက်များပြီး အပြင်ကို မထွက်ပိတ်နေပြီးတော့ လည်ချောင်းထဲ ပြန်စီးဝင်နေတဲ့ ပြဿနာမျိုးလူတိုင်း ကြုံတွေ့ဖူးကြမှာပါ။ ဒီလို လည်ချောင်းထဲ ပြန်ပြန်စီးနေတဲ့ နှပ်ရည်တွေကြောင့် လည်ချောင်းယားပြီး ချောင်းဟတ်ချင်တဲ့ စိတ်ဖြစ်တတ်ပါတယ်။ ဒါကို ဆေးပညာအရ upper airway cough syndrome (UACS) လို့လည်း ခေါ်တတ်ပါတယ်။
  •     ပန်းနာရင်ကြပ် – ပန်းနာရင်ကြပ်ကြောင့် ဆိုးတဲ့ချောင်းက ရာသီအလိုက်ဖြစ်တဲ့ ပြဿနာဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ အေးတဲ့ရာသီဆို ပန်းနာရင်ကြပ်ချောင်း ပြန်ထတတ်ပြီး ၊ အမွှေးနံ့ပြင်းတာတွေ၊ ဖုန်တွေ တိရိစ္ဆာန် အမွှေးတွေနဲ့ ထိတွေ့မိရင်လည်း ချောင်းဆိုးတတ်ပါတယ်။ ပန်းနာရင်ကြပ်သေချာ မထိန်းနို်င်သရွေ့ ပြန်ပြန်ဆိုးနေမယ့် နာတာရှည်ချောင်းကို ဆေးပညာအရ Cough variant asthma လို့ခေါ်ပါတယ်။
  •     အစာခြေအက်ဆစ်ပြန်ဆန်တက်ခြင်း ရောဂါ (GERD). – ဒီပြဿာနာရှိတဲ့သူတွေမှာ ပြန်ဆန်တက်လာတဲ့ အက်ဆစ်တွေက အစာရေမျိုပြွန်ကို သွားသွားဆွသလိုဖြစ်စေပြီး နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ ချောင်းဆိုးတော့ အက်ဆစ်တွေပြန်ဆန်တက် အက်ဆစ်တွေ ပြန်ဆန်တက်တော့ ချောင်းပိုဆိုးနဲ့ သံသရာလည်နေတော့မှာပါ။
  •     ပိုးဝင်ခြင်း – အဆုတ်ပိုးဝင်ခြင်း pneumonia ပြဿာနာကလည်း နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပြီး whooping cough လို့ခေါ်တဲ့ ရက်တစ်ရာချောင်း ကြက်ညှာချောင်းကြောင့်လည်း နာတာရှည်ချောင်းဆိုးနိုင်ပါတယ်။ နောက်ပြီး နာတာရှည်ချောင်းထဲမှာ တီဘီကို မေ့ထားလို့တော့ မရဘူးနော်။
  •     Chronic obstructive pulmonary disease (COPD) – အဆုတ်လေပြွန်ပိတ်တဲ့ ပြဿနာ ၊ လေပြွန်ရောင်တဲ့ ပြဿနာနဲ့ အဆုတ်ကင်ဆာလို ကျန်းမာရေးပြဿနာတွေဟာ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါ။ လေပြွန်ရောင်ရင် ချောင်းဆိုးမယ်၊ သလိပ်တွေထွက်မယ်။ အဆုတ်ကင်ဆာမှာဆိုရင် အသက်ရှူကြပ်မယ်။ ဒါတွေက အဓိက လက္ခဏာတွေဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ ပိုအတွေ့များပါတယ်။
  •     သွေးပေါင်ကျဆေး Angiotensin-converting enzyme (ACE) inhibitors အုပ်စုဝင်တွေကလည်း ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ဆေးတွေပါ။

အဖြစ်နည်းတဲ့ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ ့အကြောင်းအရာတွေကတော့

  •     အစာသီးတာ ( Aspiration )
  •     လေပြွန်တွေကျယ်နေတာ ( Bronchiectasis)
  •     လေပြွန်လေးတွေ ရောင်နေတာ ( Bronchiolitis)
  •     အဆုတ်ခဲနေတာ ( cystic fibrosis)
  •     ပန်းနာရင်ကြပ်ကြောင့် မဟုတ်ဘဲ လေပြွန်လေးတွေ ရောင်နေတာ( Nonasthmatic eosinophilic bronchitis )
  •     အဆုတ်မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဆဲလ်လေးတွေ စုပုံနေတာ ( Sarcoidosis ) တွေက နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

ဘယ်အချိန်ဆို ဆရာဝန်သွားပြသင့်လဲ။

ချောင်းဆိုးတာ ၂ ပတ်ထက်ကျော်နေပြီ မပျောက်သေးဘူး၊ ညညချောင်းဆိုးလို့ အိပ်ရေးတွေလည်း ပျက် လူလည်း နုန်းနေပြီ၊ အဖျားလေးလည်း ရှိချင်တယ်ဆိုရင် ဆရာဝန်ဆီသွားပြီး ဆေးကုသမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ် ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly