ကယ်လီဖိုးနီးယား အစားအသောက် ပွဲတော်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၃ ဦးထက်မနည်း သေဆုံး

ကယ်လီဖိုးနီးယား အစားအသောက် ပွဲတော်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၃ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၂၉ ။             ။ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဇူလိုင် ၂၈ ရက်က အစားအသောက် ပွဲတော်တစ်ခု ကျင်းပနေစဉ်အတွင်း သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ သုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပြည်နယ် မြောက်ပိုင်းရှိ Gilrol မြို့မှာ ကျင်းပနေကျဖြစ်တဲ့ ကြက်သွန်ဖြူပွဲတော်မှာ ခုလို သေနတ်ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သက်ဆိုင်ရာက စစ်ဆေးရှင်းလင်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စုစုပေါင်း လူ ၁၁ ယောက်လောက် ပစ်ခတ်ခံလိုက်ရတယ်လို့လည်း သိရပါတယ်။

ဇူလိုင် ၂၈ ရက် တနင်္ဂနွေနေ့ ညနေခင်းမှာ အဆိုပါ Gilrol ကြက်သွန်ဖြူပွဲတော် ကျင်းပမှု ပြီးစီးခါနီးအချိန်မှာပဲ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၀ ခန့်အရွယ် လူဖြူအမျိုးသားတစ်ဦး ရိုင်ဖယ်တစ်လက်နဲ့ လိုက်လံပစ်ခတ်နေတာကို မြင်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားပြီး NBC က ဖော်ပြပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း Gilrol မြို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly