ဆီးရီးယားတွင်ပြုလုပ်သည့် ရုရှ၏ စစ်ဆင်ရေးမှာ အာဆတ်အစိုးရ တည်ငြိမ်ရန်သာ ရည်ရွယ်ဟု ပူတင်ပြောကြား

ဆီးရီးယားတွင်ပြုလုပ်သည့် ရုရှ၏ စစ်ဆင်ရေးမှာ အာဆတ်အစိုးရ တည်ငြိမ်ရန်သာ ရည်ရွယ်ဟု ပူတင်ပြောကြား

မော်စကို၊ အောက်တိုဘာ ၁၂ ။              ။ ဆီးရီးယားတွင် ရုရှက လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရ တည်ငြိမ်စေရန်ဖြစ်သည်ဟု ရုရှသမ္မတ ဗလာဒီမာပူတင်က နိုင်ငံပိုင်ရုပ်သံသို့ အောက်တိုဘာ ၁၁ က ပြောကြားခဲ့သည်။ ထို့အပြင် ရုရှအနေဖြင့် မြေပြင်စစ်ဆင်ရေးဆင်နွှဲရန် အစီအစဉ်များလည်းမရှိဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ရုရှသည် စစ်ဆင်ရေးစတင်သည့် စက်တင်ဘာ ၃၀ ကတည်းက ယခုအထိ တိုက်ခိုက်ရေးမစ်ရှင် ဒါဇင်ပေါင်းများစွာ ပျံသန်းပြုလုပ်ခဲ့ပြီး အကြိမ် ၁၀၀ ကျော် လေကြောင်းတိုက်ခိုက်မှု   ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ စာရင်းဇယားများအရ သိရသည်။ ၎င်းတို့၏ အဓိကပစ်မှတ်မှာ အိုင်အက်စ်စစ်သွေးကြွဖြစ်သည်ဟု ရုရှကပြောသည်။

အောက်တိုဘာ ၁၁ က ရုရှလေတပ်သည် ခံတပ် ၅၃ခု၊ ကွ့ပ်ကဲရေးစင်တာတစ်ခု၊ လေ့ကျင့်ရေးစခန်းလေးခုနှင့် လက်နက်ဂိုဒေါင် ခုနှစ်ခုအပါအဝင် အပါအဝင် အိုင်အက်စ် စခန်း ၆၃ခုကို တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။

အစောပိုင်းတစ်နေ့က ရုရှလေတပ်သည် အိုင်အက်စ်တို့၏ အဓိကနှင့် အကြီးဆုံး ထောက်ပို့စင်တာများအပါအဝင် ပစ်မှတ် ၅၅ခုကို တိုက်ခိုက်ခဲ့သည်ဟုလည်း ယင်းဝန်ကြီးဋ္ဌာနကဆိုသည်။ "ကျွန်တော်တို့ရဲ့အလုပ်က တရားဝင်အစိုးရကို တည်ငြိမ်စေဖို့နဲ့ နိုင်ငံရေးစေ့စပ်ညိနှိုင်းမှုတစ်ခုအတွက် အခြေအနေတွေဖန်တီးပေးဖို့ဖြစ်ပါတယ်"ဟု ပူတင်က Russian 24 နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

စစ်ရေးနည်းလမ်းကို သုံးရခြင်းမှာ နိုင်ငံတကာအကြမ်းဖက်စည်းများက မြို့တော်ကို အဝိုင်းခံရလုနီးပါးရှိနေသည့် ဆီးရီးယားအစိုးရနှင့် စေ့စပ်ညိနှိုင်းလိုစိတ်မရှိသောကြောင့် ဖြစ်သည်ဟု ပူတင်ကဆိုသည်။ မြေပြင်ထိုးစစ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေကို မေးသောအခါ ကျွန်တော်တို့ဒါကို(မြေပြင်ထိုးစစ်) လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆီးရီးယားမိတ်ဆွေတွေကလည်း သိပါတယ်"

ကာလရှည်စွာ ရုရှ၏ထောက်လှမ်းရေးသတင်းစုဆောင်းမှုကြောင့် ရုရှ၏ လေကြောင်းတိုက်ခိုက်များမှာ တိကျမှုမြင့်မားသည်ဟုလည်း ပူတင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly