မော်လမြိုင်စိတ်ရောဂါဆေးရုံကြီးတွင် မူးယစ်ဆေးဖြတ်သူ တိုးလာပြီး လူငယ်များ အများဆုံးဖြစ်

မော်လမြိုင်စိတ်ရောဂါဆေးရုံကြီးတွင် မူးယစ်ဆေးဖြတ်သူ တိုးလာပြီး လူငယ်များ အများဆုံးဖြစ်
 မူးယစ်ဆေး ဟီးရိုးအင်း သုံးစွဲရန် ပြင်ဆင်နေသူတစ်ဦးအား ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ဇူလိုင် ၂၁ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- EPA-EFE/NYEIN CHAN NAING

မော်လမြိုင်၊ ဇူလိုင် ၂၈ ။            ။ မော်လမြိုင်မြို့အထွေထွေရောဂါကုဆေးရုံကြီး စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာနတွင် ဆေးဖြတ်သူမှာ ယခင်နှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ၁၄၇၇ ဦး ရှိခဲ့ပြီး လူငယ်အသက်ပိုင်းအခြား အများဆုံးဖြစ်ကြောင်း မော်လမြိုင်၊အထွေထွေရောဂါကုဆေးရုံကြီး၊ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသ ဌာနမှ သိရသည်။

“မူးယစ်ဆေးသုံးစွဲသူ အယောက် ၁၀၀ မှာ ၈၅ ရာခိုင်နှုန်းက အသက် ၁၅ ကနေ ၃၄ ကြား အုပ်စုဖြစ်တယ်၊ အသက် ၁၅ နှစ်အောက်တွေကို တွေ့လာရသလို ရှားရှားပါးပါး အသက် ၆၄ အထက်မှာလည်း မူးယစ်ဆေး အနွယ်ဝင် ဆေးတစ်မျိုးမျိုး သုံးပြီးတော့ ရောက်လာတာ တွေ့ရတယ်”ဟု မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာနမှ ဒေါက်တာဝင်းကျော်သူက ပြောသည်။

ဆေးရုံတွင် ဆေးဖြတ်သူ ၂၀၁၇ ခုနှစ်တွင် ၅၇၆ ဦး ရှိရာမှ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ၁၄၇၇ ဦး ရှိခဲ့ပြီး မူးယစ်ဆေးဖြတ်သူဦးရေ တိုးလာသည်ဟု ယူဆရကြောင်း သိရသည်။

ဆေးရုံကြီးသို့ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးမှ အသက် ၁၅ နှစ်နှင့် ၃၄ နှစ်ကြားရှိ လူနာများပါ လာရောက်ကုသကြပြီး မူးယစ်ဆေးစွဲမှုကုသသူများပြားလာသော်လည်း မူးယစ်ဆေးသုံးစွဲသူပမာဏနှင့် ယှဉ်လျှင် အလွန်နည်းပါးနေသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသောလူငယ်များသည် WY ဆေးပြားများနှင့် ဘိန်းစာရွက်လို့ခေါ်တဲ့ kratom Leaf တို့ကို အများဆုံးသုံးစွဲနေကြပြီး The United Nations Office on Drug and Crime (UNODC) အဖွဲ့၏ စာရင်းများအရ မွန်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူ သို့မဟုတ် မူးယစ်ဆေးကြောင့် ပြသနာဖြစ်နေသူ လူအယောက် ၉၀၀၀ ကျော် ရှိသည်ဟု ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသုံးစွဲထားသူများ ဆေးကြောင်ပြီး ရပ်ကွက်ကျေးရွာအတွင်း ခိုးဆိုးလုနိုက်သည့်ဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားမည်ကို ဒေသခံအများစုက စိုးရိမ်ပူပန်ကြောင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျွန်မတို့က ကြောက်တယ်။ တခါတလေ ညဘက် ၇ နာရီ၊ ၈ နာရီလောက်ပဲ ရှိတဲ့အချိန် အလုပ်ကနေ ပြန်လာရင် လမ်းမှာဘယ်သူမှ မရှိ၊ လူပြတ်တဲ့အချိန်ဆိုရင် အဲဒီလိုလူတွေနဲ့ ဆုံလာရင် ကျွန်မတို့အတွက် အန္တရာယ်အများကြီးဖြစ်လာနိုင်တယ်။ ဆေးသုံးတဲ့သူက ဆေးကြောင်နေမယ်။ သုံးစွဲဖို့ ပိုက်ဆံမရှိတဲ့အခါမျိုး ကြရင် ရပ်ကွက်ကျေးရွာတွေမှာ ခိုးဆိုးလုနိုက်ကဲ့သို့ ဖြစ်စဉ်တွေ ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရဘူးလေ။ ကျွန်မတို့ မိန်းမသားတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ယင်းဒေသခံအမျိုးသမီးက ပြောဆိုသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)နှင့် မွန်လူငယ်ပညာပေးအဖွဲ့ (MYEO) တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သည “ မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြသနာကို ရင်ဆိုင်နေရသော ဒေသခံ ပြည်သူတို့၏ ရင်ဖွင့်စကားသံများ ” အစီရင်ခံစာတွင်လည်း ဒေသခံများ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၂၀၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် အမှု ၄၀၀ ကျော်နှင့် ၂၀၁၉ မေလအထိ အမှုပေါင်း ၁၆၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly