ပန်းနာရင်ကျပ်ရှိတဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန် အစားအသောက်များ

ပန်းနာရင်ကျပ်ရှိတဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန် အစားအသောက်များ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပန်းနာရင်ကျပ်ရှိတဲ့သူတွေဟာ အမှုန်အမွှားလေးတွေကအစ ပန်းနာပိုဆိုးစေနိုင်မယ့်အရာတွေကိုရှောင်ဖို့ ဂရုစိုက်ရပါတယ်။ အစားအေသောက်၊ အနေအထိုင်လည်း အမှားမခံသလို အချိန်အခါမရွေး၊ နေရာမရွေးမှာ ပန်းနာရင်ကျပ်ထလာနိုင်ပါတယ်။ ဒီလိုထိခိုက်လွယ်တဲ့ရောဂါပိုင်ရှင်တွေအတွက် ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအစာတွေအကြောင်း ဒီမှာ အကြံပြုပေးလိုက်ပါတယ်နော်။

ဆောင်သင့်တဲ့အချက်
အသီးနဲ့ ဟင်းသီးဟင်းရွက်

ပန်းနာသမားအတွက် အသက်ရှူလမး်ကြောင်းပြဿနာကိုသက်သာစေမယ့် သီးသန့်အစားအစာတွေ မရှိပါဘူး။ ဒါပေမယ့် အစားအစာတချို့မှာတော့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဥပမာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေပေါ့။ သူတို့မှာ ဘီတာကယ်ရိုတင်းလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် အီး၊ ဗီတာမင် စီ တို့ပါဝင်နိုင်တယ်။ ဒီဓာတ်တွေက ဆဲလ်တွေကိုပျက်စီးစေပြီး အဆုတ်ကိုရောင်ရမ်းစေနိုင်၊ ထိုးဆွနိုင်တဲ့ free radicals တွေကို တားဆီးနိုင်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင်ဒီကို နေရောင်ခြည်ကနေ အများစုရရှိနိုင်ပေမယ့် အစားအစာထဲမှာလည်း ရှိပါတယ်။ အကောင်းဆုံးက ဆယ်လ်မွန်ငါးနဲ့ ဓားရှည်နှုတ်သီးငါးတို့ဖြစ်ပြီး နွားနို့၊ ကြက်ဥတို့ကနေ အနည်းငယ်ရရှိနိုင်တယ်။ ဗီတာမင် ဒီက ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်နိုင်စွမ်းကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းရောင်ရမ်းမှုကို လျော့စေနိုင်တယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် ပန်းနာရင်ကျပ်ရောဂါထဖို့ ပိုလွယ်စေပါတယ်။

အစေ့အဆန်

ပန်းနာရင်ကျပ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ နောက်ထပ်ဓာတ်တစ်မျိုးကတော့ ဗီတာမင် အီး ဖြစ်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီးနဲ့ အစေ့အဆန်တွေက ဗီတာမင် အီး ကြွယ်ဝတဲ့အရင်းအမြစ်တွေဖြစ်သလို ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့လို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။ ဗီတာမင် အီးမှာ ပန်းနာရင်ကျပ်ကြောင့် ချောင်းဆိုးတာ၊ တရွှီရွှီဖြစ်တာတွေကို သက်သာစေနိုုင်တဲ့ tocopherol ဆိုတာ ပါဝင်ပါတယ်။

ငါး

အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြောင့်ပါပဲ။ ဒီအဆီဓာတ်ပါဝင်တဲ့ ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်း တို့လို ငါးတွေကို စားသုံးသင့်ပါတယ်။ သူတို့က ပန်းနာရင်ကျပ်သမားတွေမှာ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်စေတဲ့ ပဋိပစ္စည်း IgE ထုတ်လုပ်မှုပမာဏကို လျော့နည်းစေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီး နဲ့လုပ်တဲ့ အစားအစာတွေက ပန်းနာရင်ကျပ်သမားအတွက် အထောက်အကူဖြစ်စေပါတယ်။ ခရမ်းချဉ်သီးရဲ့ လိုင်ကိုပင်းဓာတ်ကြောင့်လို့ ပညာရှင်တွေကပြောကြပေမယ့် သုတေသနတွေထပ်လုပ်ဖို့လိုအပ်နိုင်ပါတယ်။ ခရမ်းချဉ်သီးစားရင် ရေရှည်မှာ အသက်ရှူရပိုကောင်းလာတာတွေ့ရတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

သတိထားရမယ့်အချက်
သစ်သီးခြောက်

ကိုယ့်မှာ ပန်းနာရင်ကျပ်ရှိတယ်ဆိုရင် ရှောင်သင့်တဲ့အစားအစာထဲမှာ သစ်သီးခြောက်တွေပါဝင်ပါတယ်။ လတ်ဆတ်တဲ့အသီးတွေ၊ အထူးသဖြင့် လိမ္မော်သီးနဲ့ပန်းသီးတွေက ပန်းနာကို သက်သာစေနိုင်ပေမယ့် သစ်သီးခြောက်တွေကိုတာရှည်ခံအောင်လုပ်ပေးတဲ့ ဆာလ်ဖိုက်တွေကြောင့် ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်ပါတယ်။ အယ်လ်ကိုဟော(အထူးသဖြင့် ဝိုင်နီ)၊ ပုဇွန်၊ နှပ်ထားတဲ့အသီးအရွက်တို့မှာ ဆာလ်ဖိုက်တွေပါဝင်တတ်ပါတယ်။

ကော်ဖီ

Salicylates ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရောင်ကျဆေးတချို့မှာ သဘာဝအလျောက်ပါဝင်တဲ့ ဓာတုပစ္စည်း ဖြစ်ပါတယ်။ အများစုက ဘာမှမဖြစ်ပေမယ့် ပန်းနာရင်ကျပ်သမားကတော့ အသက်ရှူရခက်လာ၊ မွန်းကျပ်လာနိုင်ပါတယ်။

ဓာတ်မတည့်ဖြစ်စေနိုင်တဲ့အစားအစာ

ပန်းနာရင်ကျပ်ရှိတယ်ဆိုရင် အစားအသောက်ကိုလည်းဓာတ်မတည့်မှုတွေ ပိုဖြစ်နိုင်ပါတယ်။ အစားအသောက်ကြောင့် ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်ရင် တရွှီရွှီမြည်တာအပါအဝင် တခြားပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်လာနိုင်တယ်။ ဓာတ်မတည့်မှုအဖြစ်များတဲ့ အစားအစာတွေကတော့ အစေ့အဆန်တွေ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ အခွံမာငါး တို့ပါဝင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မတူကြတော့လည်း ဒါတွေစွတ်ရှောင်ဖို့မလိုပါဘူး။ ကိုယ်နဲ့ဓာတ်မတည့်ဖြစ်တတ်တဲ့အစားအသောက်ကို မှတ်သားပြီး ရှောင်တာပဲကောင်းပါတယ်။

အစားများလွန်းရင်

ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ပိုပြီး ကယ်လိုရီတွေစားလိုက်တဲ့အခါ ပိုလျှံတာတွေကို အဆီဆဲလ်တွေထဲ သိမ်းဆည်းလိုက်ပါတယ်။ ဒါ့ကြောင့် ပိုပိုစားပြီး ပိုပိုဝလာကြတာပေါ့။ ကိုယ်အလေးချိန်များလာ၊ အဝလွန်လာ(BMI 30 ထက်ကျော်လာ)ပြီဆို ပန်းနာရင်ကျပ်လက္ခဏာပိုဆိုးလာနိုင်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်အတွက် ပေးတဲ့ကုသမှုတွေကိုလည်း ခန္ဓာကိုယ်က ကောင်းကောင်းမတုံ့ပြန်နိုုင်တာမျိုးဖြစ်တတ်ပါတယ်။ 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly