သူ့ကိုဆက်ခံမည့် နောက်သမ္မတ ဒေါ်နယ်ထရန့် မဖြစ်နိုင်ဟု အိုဘားမား ပြောကြား

သူ့ကိုဆက်ခံမည့် နောက်သမ္မတ ဒေါ်နယ်ထရန့် မဖြစ်နိုင်ဟု အိုဘားမား ပြောကြား

ဝါရှင်တန်၊ အောက်တိုဘာ-၁၂ ။               ။ သမ္မတ ဘားရက်အိုဘားမားတွင် လာမည့်နှစ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သေချာမှုတစ်ခုတော့ ရှိပါသည်။ ယင်းမှာ အိမ်ဖြူတော်တွင် ၎င်း၏နေရာကို   ဒေါ်နယ် ထရန့် ဆက်ခံနိုင်လိမ့်မည်မဟုတ်ဟူသည့် အချက်ပင် ဖြစ်ပါသည်။

ရီပတ်ဘလီကင်ပါတီ၏ အိမ်ဖြူတော်လျာထားသူဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေသည့် ကုဋေကြွယ်စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ဒေါ်နယ်ထရန့်က ရွှေ့ပြောင်းအခြေချ၊   သေနတ်ထိန်းချုပ်ရေး၊ အမျိုးသမီးရေးရာနှင့် အခြေားပြဿနာများအပေါ် အငြင်းပွားဖွယ် မှတ်ချက်စကားများဖြင့် ပွဲဆူအောင်လုပ်နေသည်။

သူက လူတွေ ဘယ်လိုစိတ်ဝင်စားအောင် လုပ်ရမယ်ဆိုတာ သိတယ်။ ရုပ်သံကြယ်ပွင့်တစ်ယောက်လိုပေါ့။ ကနဦးအဆင့်မှာ စိတ်ဝင်စားမှုခံရတာ အံ့သြစရာတော့ မဟုတ်ပါဘူးဟု အိုဘားမားက CBS ရုပ်သံ၏ မိနစ်၆၀သတင်းအစီအစဉ်အတွက် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ်နဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ကျနော်မထင်ဘူးဟု အောက်တိုဘာ ၁၁ရက်နေ့က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် အိုဘားမားက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချနှင့် အခြားပြဿနာများအပေါ် ထရန့်၏ ပွဲဆူစေသည့် မှတ်ချက်များက မဲဆွယ်ကာလကို လွှမ်းမိုးနေပြီး အမေရိကန်အတော်များများကို စော်ကားပုတ်ခတ်သည့် သဘောဆောင်နေသော်လည်း ဒေါ်နယ်ထရန့်မှာ လူကြိုက်များမှု မဲစစ်တမ်းတွင် တရိပ်ရိပ် တက်လာနေခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က လက်တင်အမေရိက ခေါင်းဆောင်များသို့ ပြောကြားသည့် မိန့်ခွန်းထဲတွင် လှုံ့ဆော်သည့် စကားလုံးများပြောပြီးမှ ဆိုလိုတာက အဲဒီလိုမဟုတ်ဘူးဟု ဗြောင်ငြင်းသည့် ယုတ္တိကို အိုဘားမားက ပြစ်တင်ရှုတ်ချခဲ့သည်။ ခေါင်းဆောင်မှုဆိုတာ မခံချိမခံသာဖြစ်အောင် မီးထိုးပေးပြီးမှ တကယ်မီးလောင်လာတဲ့အခါ အံ့သြချင်ယောင်ဆောင်နေတာ မဟုတ်ဘူးဟုလည်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

သို့ရာတွင် မိန့်ခွန်းထဲတွင် အိုဘားမားက ထရန့်၏နာမည်ကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိခဲဘဲ ရီပတ်ဘလီကင် သမ္မတမဲဆွယ်ပွဲ၏ ယေဘူယျသဘောထားကိုသာ ဝေဖန်သွားခဲ့ခြင်းပင်ဖြစ်သည်။

အနည်းဆုံး ရီပတ်ဘလီကင် အမာခံမဲဆန္ဒရှင်တွေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းက အစစ်အမှန် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး သဘောထား ရှိနိုင်ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် တူညီကြတာတော့ မဟုတ်ပါဘူးဟုလည်း ဒီမိုကရတ်သမ္မတ အိုဘားမားက မိနစ်၆၀ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၂၀၀၈နှင့် ၂၀၁၂ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ပြီး လက်ရှိ ဒုတိယသက်တမ်းကို လက်စသတ်နေသည့် အိုဘားမားက ၎င်းအား ထပ်မံအရွေးမခံနိုင်ရန် တားဆီးထားသည်ပ့ သက်တမ်းကန့်သတ်ချက်နှင့် ပတ်သက်ရျ် ဝမ်းမနည်းကြောင်းလည်း ပြောကြားခဲ့သည်။

ဒီထိုင်ခုံမှာ ခြေထောက်အသစ်တစ်စုံ၊ အမြင်သစ်တစ်ခု၊ အမှုထမ်းအသစ်တစ်ယောက်၊ အိုင်ဒီယအသစ်တွေ ရှိလာလိမ့်မယ်လို့ ကျနော်ထင်တယ်။ လွန်ခဲ့တဲ့၈နှစ်ကနဲ့မတူ အခုကစပြီး   ခြားနားသွားတော့မယ့် ပြဿနာတွေအကြောင်း အမေရိကန်ပြည်သူတွေနဲ့ အသစ်အသစ် စကားပြောရေတော့မယ်။

ဒါတွေအားလုံးဟာ ကျန်းမာသန်စွမ်းတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီအတွက် ကောင်းတယ်လို့ ကျနော်ထင်ပါတယ်ဟု အိုဘားမားက ပြောကြားခဲ့သည်။ တတိယသက်တမ်းအတွက် အရွေးခံနိုင်ခွင့်ရှိခဲ့ပါက သူသာအနိုင်ရလိမ့်မည်ဟု ယုံကြည်ပြီး အိမ်ဖြူတော်တွင် နေထိုင်ရန် အချိန် ၁၅လသာ ကျန်တော့သည့်အတွက် ခါးလည်းခါး ချိုလည်းချိုသော ခံစားမှုကို ခံစားနေရကြောင်းလည်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

တစ်ဖက်ကကြည့်မယ်ဆိုရင် ကျနော် အောင်မြင်ပြီးမြောက်ခဲ့တာတွေအတွက် ဂုဏ်ယူနေရတော့ ဒီ့ထက်ပိုပြီး လုပ်ချင်လာမိတယ်။ ဒါပေမယ့်လည်း ကျနော့သက်တမ်း ပြီးသွားတဲ့အချိန် သွားဖို့ အချိန်တန်ပြီလို့လည်း တွေးမိပါတယ်ဟု အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly