မြိတ်တွင် ကျပ်သိန်း ငါး ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြိတ်တွင် ကျပ်သိန်း ငါး ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇူလိုင် (၂၇) ။         ။ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်တွင် ကာလတန်ဖိုး ကျပ်သိန်းငါးထောင်ကျော်တန်ဖိုးရှိ သော မူးယစ်ဆေးဝါးများနှင့် အမျိုးသားတစ် ဦးကို ဇူလိုင်လ ၂၆ ရက်နေ့က နေအိမ်အတွင်း ဖမ်းဆီးအရေးယူ ခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းရုံးထံမှ သိရသည်။

WY စာတန်းပါ စိတ်ကြွဆေးပြား ကိုးသောင်းသုံးထောင်နှင့် ICE မူးယစ်ဆေးနှစ်ကီလိုဂရမ်ခန့်ကို ကလွင်ကျေးရွာ အုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်းတွင် နေထိုင်သော စိုးမင်းခိုင် (ခ) အငယ်လေးထံမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါး ရောင်းနေတယ် သတင်းရလို့ ကျနော်တို့ အဖွဲ့က ဖမ်းဝရမ်းနဲ့ ဝင်ရှာတော့ စိုးမင်းခိုင်ကို သူ့အိမ် အပေါ်ထပ် အိပ်ခန်းဝမှာ ခရီးဆောင် အိတ်တစ်လုံး ပိုက်ထားလျက်နဲ့ တွေ့တယ်။ အားလုံး အရှေ့မှာ ဖွင့်ဖောက် စစ်ဆေးတော့ စိတ်ကြွဆေးပြားကိုးသောင်းကျော်နှင့် ICE မူးယစ်ဆေးနှစ်ကီလိုဂရမ်တို့ကို တွေ့ရှိပါတယ်”ဟု မြိတ်မြို့မရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် မြင့်ဇော်ကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ ဒေသပေါက်စျေးဖြင့်နှစ်မျိုး ပေါင်း ကျပ်သိန်း ၅,၄၅၀ တန်ဖိုး ရှိကြောင်းသိရပြီး ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးရာ၌ အသုံးပြုသည့် Hilux အမျိုးအစား ကားတစ်စီး၊ Wave-125 အမျိုးအစား ဆိုင်ကယ် တစ်စီးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရ သည်။

ထိုသို့ မူးယစ်ဆေးဝါးများဖြန့်ဖြူး ရောင်းချနေသော စိုးမင်းခိုင် (ခ) အငယ်လေး အသက် (၃၂) နစ် (ဘ) ဦးမြင့်ခိုင်ကို  မြိတ်မြို့မရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၉ (က)ဖြင့် အရေးယူထားကြောင်း သိရ သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required