အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို ဇူလိုင်လ ၃၀ ရက်နေ့ စတင်ဆွေးနွေးမည်

အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို ဇူလိုင်လ ၃၀ ရက်နေ့ စတင်ဆွေးနွေးမည်

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဇူလိုင်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင်ဆွေးနွေးသွားမည်ဖြစ်သည်။

၄၅ ဦးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသားညီညွတ်သောဒီမိုကရေစီပါတီ၏ ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ကော်မတီအစီရင်ခံစာကို နောက်တစ်ပတ် အင်္ဂါနေ့တွင် ဆွေးနွေးသွားမည်ဟု ပြည်ထောင်စုလွှတ်တော်က တရားဝင် ထုတ်ပြန်လိုက်ကြောင်းပြောသည်။

“နောက်တစ်ပတ် အင်္ဂါနေ့မှာ စမှာပါ။ ကျွန်တော်လည်း ဆွေးနွေးဖို့ စာရင်းပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ထို အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ ချက်ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ (ANP)က ၈၅၈ ချက်၊ မွန်အမျိုးသားပါတီက ၆၄၁ ချက်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ၄၆၂ချက်၊ တအာင်းပလောင်ပါတီက ၁၇၈ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၁၄ချက် အကြံပြုထားသည်။

  • ခြေဥအစီရင်ခံစာပါ တပ်မတော်နှင့်ဆိုင်သောပုဒ်မများအပေါ် အကြံပြုချက်များ
  • အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ တပ်ကိုယ်စားလှယ်များ သဘောထားမပါ

၄၅ ဦးပူးပေါင်းကော်မတီ အစီရင်ခံစာကို ဆွေးနွေးရန်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၂၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ၆ ဦးတို့ အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦးတို့က ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ အစည်းအဝေးများတွင် ဝင်ရောက် ဆွေးနွေးခဲ့ခြင်းမရှိသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အစီရင်ခံစာကို ဆွေးနွေးရန် အရေအတွက်အများဆုံး စာရင်းပေးထားခြင်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီတွင် ပါဝင်သည့် တပ်ကိုယ်စားလှယ်များက အစီရင်ခံစာကို သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့၏ သဘောထားကွဲလွဲချက်များကို အချက်(၃)ချက်ဖြင့် အစီရင်ခံစာတွင် ပူးတွဲဖော်ပြခဲ့ကြသည်။

  • လွှတ်တော်တွင်းမဲခွဲပြီး ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကို အတည်ပြု
  • ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ရေးအဆိုကို တပ်မတော်သားအားလုံး မတ်တပ်ရပ် ကန့်ကွက်

တပ်ကိုယ်စားလှယ်အစုအဖွဲ့၏ သဘောထားမှတ်ချက်တွင် ခြေဥပြင်ရေးပူးပေါင်းကော်မတီမှာ ၂၀၀၈ အခြေခံဥပဒေ အခန်း ၁၂ နှင့် မကိုက်ညီ၍ ကော်မတီဖွဲ့စည်းရန် အဆိုတင်စဉ်ကပင် တပ်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲအတည်ပြုပြီး ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

ထိုသို့တက်ရောက်ရာတွင် တပ်ကိုယ်စားလှယ်များက ပြင်ဆင်ရန် အဆိုပြုချက်တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း၊ ယခုပူပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်းကိုလည်း တပ်ကိုယ်စားလှယ်များက အစီရင်ခံစာတွင် သဘောထားမှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly