မည်သည့်ဒေသကိုမှ မချန်ဘဲ အပစ်အခတ်ရပ်စဲပေးရန် မွန်ညီညွတ်ရေးပါတီ တိုက်တွန်း

မည်သည့်ဒေသကိုမှ မချန်ဘဲ အပစ်အခတ်ရပ်စဲပေးရန် မွန်ညီညွတ်ရေးပါတီ တိုက်တွန်း

မော်လမြိုင်၊ ဇူလိုင် ၂၇ ။         ။ မွန် နှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွှတ်ရေးပါတီအနေဖြင့် တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုသကဲ့သို့ မည်သည့်နေရာဒေသကိုမှ ချပ်လှပ်မထားဘဲ  အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ပေးရန် ဇူလိုင် ၂၇ ရက်က တိုက်တွန်းပြောဆိုခဲ့သည်။

ဇူလိုင်လ ၂၇ ရက်က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ၂၂ လမ်းတွင် ပြုလုပ်သော မွန်ညီညွှတ်ရေးပါတီ ရုံးချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ နိုင်တလနွန်၏ မိန့်ခွန်းကို ဒုတိယဥက္ကဋ္ဌနိုင်ဇနူးမွန်က ဖတ်ကြားရာ၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသည်သာ ငြိမ်းချမ်းရေး တည်ဆောက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို ဖော်ဆောင်နိုင်မဲ့ အခင်းအကျင်းလည်း ဖြစ်ပါတယ်။ ဒီလို အခင်းအကျင်းကို ဖန်တီးဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ယူဆရတဲ့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်ကို မွန်ညီညွှတ်ရေး ပါတီအနေနဲ့ ကြိုဆိုသကဲ့သို့ မြေပြင်ပကတိအခြေအနေကို လက်ခံပြီး မည်သည့်နေရာဒေကိုမှ ချပ်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ပေးဖို့လည်း ဒီအခမ်းအနားကတဆင့် တဆက်တည်း တိုက်တွန်းလိုပါတယ်” ဟု မွန်ညီညွှတ်ရေးပါတီဥက္ကဋ္ဌ ၏ မိန့်ခွန်းကို ဒုတိယဥက္ကဋ္ဌ နိုင်ဇနူးမွန်က ထည့်သွင်း ဖတ်ကြားခဲ့သည်။

မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌ နိုင်တလနွန်

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်ဟု ဆိုကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ အစရှိသည့် စစ်တိုင်း ငါးတိုင်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ အပစ်ရပ် လေးလ၊ ဇွန် ၃၀ ရက်ထိ အပစ်ရပ် နှစ်လ၊ ဇူလိုင်မှ သြဂုတ်လကုန် အထိ နှစ်လ အပစ်ရပ်ထားသည်။

သို့ရာတွင် အပစ်ရပ်တွင် မပါဝင်သော ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ် (AA ) နှင့် တပ်မတော်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဒုဥက္ကဋ္ဌ နိုင်ဇနူးမွန်

ထို့ပြင် မွန်ညီညွှတ်ရေးပါတီအနေဖြင့် မွန်လူမျိုးတို့၏ မူလကိုယ်ပိုင်အခွင့်အရေးများအပြင် ပြည်နယ်အတွင်းရှိ အခြားသော လူနည်းစုများ၏ တိုင်းရင်းသားအခွင့်အရေးနှင့် ပြည်နယ်သားများ၏ ဒီမိုကရေစီအခွင့်အရေး ကိုလည်း လေးစားအသိအမှတ်ပြုသွားမည် ဖြစ်ကြောင်း ပါတီဘက်မှ ပြောဆိုသည်။

“ ဖက်ဒရယ်ဒီမိုကရစီပြည်ထောင်စုမှာ မိမိရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို တန်ဖိုးထား ကာကွယ်သွားမှာ ဖြစ်သလို မိမိတို့နှင့်အတူတကွ စုပေါင်းနေထိုင်သွားကြရမဲ့ ပြည်နယ်အတွင်းရှိ အခြားသော လူနည်းစုများရဲ့ တိုင်းရင်းသားအခွင့်အရေးနဲ့ ပြည်နယ်သားများရဲ့ ဒီမိုကရေစီအခွင့်အရေးကိုလည်း လေးစား အသိအမှတ် ပြုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ မွန်ညီညွှတ်ရေးပါတီက ယုံကြည်လက်ခံထားတဲ့ နိုင်ငံရေးမူဝါဒသဘောထားပဲ ဖြစ်ပါတယ်” ဟု ဒုဥက္ကဋ္ဌ နိုင်ဇနူးမွန်က ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီ( Mon Unity Party) အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC) သို့ မှတ်ပုံတင်ထားပြီး ဇူလိုင် ၁၁ ရက်က ခွင့်ပြုမိန့်ကျထားခြင်း ဖြစ်သည်။

ထို့ကြောင့် ပါတီအဟောင်းဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့်မွန်အမျိုးသားပါတီကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့မှစပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့ထားသည်။

အဆိုပါ မွန်ညီညွှတ်ရေးပါတီဗဟိုရုံးဆိုင်းဘုတ်တင်ပွဲကို မွန်ဆရာတော်ကြီးများ၊ မွန်နိုင်ငံရေးပါတီများ၊ လူငယ် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့စည်းများ၊ နယ်ပယ်စုံမှ မွန်မျိုးချစ်များနှင့် နိုင်ငံခြားရောက်မွန်လူမျိုးများတို့ မွန်တစ်ပါတီ ဖြစ်မြောက်ရေးကို လှုပ်ရှားခဲ့သူများနှင့် လက်ရှိအနိုင်ရထားသော အာဏာရပါတီ NLD အပါအဝင်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစရှိသည်များမှ တာဝန်ရှိသူများ ၊ အခြားတိုင်းရင်းသားပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required