ဝမ်းက အစိမ်းရောင်ဘာ့ကြောင့်ဖြစ်နေရတာလဲ

ဝမ်းက အစိမ်းရောင်ဘာ့ကြောင့်ဖြစ်နေရတာလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အိမ်သာသွားပြီးနောက်ပိုင်း ဝမ်းအရောင်က ပုံမှန်အရောင်ဖြစ်မနေဘဲ အစိမ်းရောင်ဖြစ်နေရင် လူတိုင်းလန့်သွားကြမှာပါ။  ပုံမှန်ဆို ဝါညိုရောင်လေးရှိနေရမယ့် ဝမ်းက အစိမ်းရောင်ဖြစ်နေတာ ဘာ့ကြောင့်လဲ။ စိုးရိမ်ရလား ။
ဝမ်းအစိမ်ရောင်ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

( ၁ ) အစိမ်းရောင် အသီးအရွက်တွေ အစားများသွားတာကြောင့် ဖြစ်နိုင်ပါတယ်။

အသီးအရွက်တွေမှာပါတဲ့အစိမ်းရောင်ခြယ် chlorophyll ဟာ ဝမ်းကိုစိမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးစားရင် ဘာမှမဖြစ်ပေမယ့် အများကြီး စားမိတဲ့ အခါမျိုးမှသာ ခုလို ဝမ်းအစိမ်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။
( ၂ ) အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ အစားအစာတွေ

အစိမ်းရောင်ရှိတဲ့အစားအစာတွေကပဲ ဝမ်းအစိမ်းသွားစေနိုင်တာ မဟုတ်ပါဘူး။ အပြာရောင်တို့ ခရမ်းရောငစတဲ့အရောင်တွေက ဗိုက်ထဲ ရောက်သွားတဲ့အခါကျရင် အစာခြေအက်ဆစ်နဲ့ သည်းခြေရည်တို့နဲ့ ရောသွားပြီး အစိမ်းရောင်ပြောင်းသွားတတ်ပါတယ်။
 ( ၃ ) ကော်ဖီ၊ ပူစပ်တဲ့အစားအစာ၊ အရက်။

ပုံမှန်ဆိုရင် ဝမ်းစစဖြစ်ချင်းအရောင်က အစိမ်းရောင်ပါ။ နောက်ပိုင်းမှ သည်းခြေရည်တွေကနေ ဝမ်းကို အဝါညိုရောင်ပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ပူစပ်တဲ့အစားစာတွေ၊ ကော်ဖီသောက်များပြီး ထွက်လာတဲ ့ကဖင်းဓာတ် တွေနဲ့ အရက်သေစာတို့ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို မြန်စေတာကြောင့် ဝမ်းအဝါညိုရောင် ပြောင်းချိန်တောင် မရလိုက်တော့တာကြောင့်  အစိမ်းရောင်ဝမ်းတွေ သွားနို်င်ပါတယ်။

( ၄ )သောက်နေတဲ့ဆေးတွေ။

ကိုယ်သောက်နေတဲ့ ဆေးတွေကလည်း ဝမ်းအစိမ်းရောင်ဖြစ်အောင် ပြောင်းနိုင်တဲ ့အရာတွေထဲမှာပါပါတယ်။

  •     အမျှင်ဓာတ် ဖြည့်စွက်အားဆေးတွေ၊
  •     ဝမ်းနှုတ်ဆေးတွေ
  •     အစိမ်းရောင်ရေညှိအားဆေးတွေ
  •     Metformin ဆီးချိုဆေး နဲ့
  •     Ciprofloxacin ပိုးသတ်ဆေးတွေဟာ ဝမ်းအစိမ်းရောင် ပြောင်းသွားစေနိုင်တဲ့ ဆေးတွေပါ။

( ၅ ) ကိုယ်ဝန်သည်တွေ

ကိုယ်ဝန်အစောပိုင်း လက္ခဏာတွေထဲမှာ ဝမ်းအစိမ်းသွားတာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါဟာပြောင်းလဲသွားတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်နိုင်သလို သောက်နေတဲ့ကိုယ်ဝန်ဆောင့် ဖြည့်စွက်အားဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အစားတွေ အူကို မြန်မြန်ဖြတ်သွားတာကြောင့် မွေးခါနီးကာလတွေမှာလည်း ဝမ်းအစိမ်းသွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။
( ၆ ) မွေးကင်းစကလေးတွေမှာလည်း ဝမ်းအစိမ်းရောင်သွားနိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ Meconium လို့ခေါ်တဲ့ ဝမ်းအစိမ်းရောင်တွေ သွားလေ့ရှိတတ်ပြီး ၃ ရက်ဆို ဝမ်းအရောင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။
( ၇  )ဝမ်း အစိမ်းရောင်ဖြစ်စေနိုင်တဲ ့အခြား အကြောင်းအရာတွေကတော့

  •     အစာအဆိပ်သင့်တာ
  •     Salmonella, E.coli,နဲ့ Giardia ဘက်တီးရီးယားပိုးတွေနဲ့ အခြား ဗို််င်းရပ်စ်ပိုးတွေ အူထဲဝင်ရောက်လာတဲ့အခါ
  •     ပဋီဇီဝ ပိုးသတ်ဆေးတွေ အသောက်များပြီး အကျိုးပြု ဘက်တီးရီးယားတွေပါ သေကုန်လို့ ဝမ်းလျှောတဲ့အခါ အစိမ်းရောင်တွေဖြစ်နိုင်သလို
  •     Celiac disease, ulcerative colitis, Crohn’s disease နဲ့ Irritable bowel syndrome တို့လို အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိတဲ့အခါ နဲ့
  •     နို့သကြားဓာတ်မစုပ်ယူနိုင်တဲ့ ပြဿနာဖြစ်နေတဲ့ကလေးတွေ
  •     ဝမ်းနှုတ်ဆေး အသောက်များတဲ့သူတွေဟာ ဝမ်းအစိမ်းသွားခြင်းကိုဖြစ်စေတဲ ့ အကြောင်းတွေဖြစ်ပါတယ်။

ဘယ်အချိန် ဆရာဝန်သွားပြဖို့လိုမလဲ။

ဝမ်းအစိမ်းသွားတာ တစ်ပါတ်ထက်ကျော်နေပြီ ကောင်းလိုက် ပြန်စိမ်းလိုက်လည်း ဖြစ်နေတယ်၊ ဗိုက်အောင့် ဖျားနာတာတွေလည်း ရှိတယ် ၊ ဝမ်းလည်းလျှောနေမယ်၊ အကျိအချွဲတွေလည်း ပါနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ဖြစ်နေတဲ့ပြဿနာကို အဖြေရှာ ဆေးကုသမှု ခံယူဖို့လိုပါလိမ့်မယ် ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly