မြန်မာနိုင်ငံမှ Burmese Ghouls Esport အသင်းကို Huawei က ထောက်ပံမည်

မြန်မာနိုင်ငံမှ Burmese Ghouls Esport အသင်းကို Huawei က ထောက်ပံမည်

ဇူလိုင် ၂၆ ရက်၊ ရန်ကုန် ။        ။ မြန်မာနိုင်ငံတွင် လက်ရှိလူသိများအောင်မြင်နေသော Burmese Ghouls Esport  အသင်းနှင့် Huawei တို့ လက်တွဲသွားပြီး Huawei မှ နည်းပညာအပါအဝင်အခြားထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ Burmese Ghouls ကကျတော့ လူတော်တော်များများလည်း သိတယ်။ Mobile Legend မှာလည်း နံပတ်တစ်အသင်းလို့ ခုလောလောဆယ်မှာ ပြောလို့ရတယ်။ Sea Game မှာလည်း သူတို့ပါဝင်သွားတယ်။ International ထိလည်း ဝင်ပြိုင်သွားတယ်။ Professional Game တစ်ခုအနေနဲ့ Pioneer ဖြစ်တယ်လို့ ပြောလို့ ရတယ်။ ဒါကြောင့် သူတို့နဲ့ စလက်တွဲဖြစ်တာပါ။ ဂိမ်းကစားလို့ Professional Coach တွေလိုတာတွေရှိတယ်။ အဲ့တာတွေ ငှားပေးမယ်။ Huawei ကနောက်ဆုံးထွက်ရှိတဲ့ ဖုန်းနဲ့ ဂိမ်းအတွက် ဆက်စပ်ပစ္စည်းတွေကို ထောက်ပံ့ပေးသွားမှာပါ” ဟု Huawei မှ Marketing Director မခင်ရတနာဝင်းက ပြောသည်။

ယခုကဲ့သို့ လက်တွဲဆောင်ရွက်မှုသည် ထောက်ပံ့အားပေးမှုနည်းပါးနေသေးသော မြန်မာ့ Esports နယ်ပယ်အတွက် ပထမဆုံးလက်တွဲမှုတစ်ခုဖြစ်ပြီး တရားဝင်မိတ်ဆက်ပွွဲကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်များအတွင်းတွင် Esports သည် လူကြိုက်များသည့် အားကစားတစ်ခုဖြစ်လာပြီး ၂ဝ၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသွားမည့် Sea Games ပြိုင်ပွဲတွင်လည်း ပထမဆုံးအကြိမ် Medal Sport တစ်ခုအနေဖြင့် ပါဝင်သွားမည်ဖြစ်သည်။  မလေးရှား၊ စင်္ကာပူရှိ ထိပ်သီးအသင်းအချို့ကို အနိုင်ရရှိထားသည့် Burmese Ghouls အသင်းအနေဖြင့်လည်း Sea Game တွင် နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က လူငယ်လည်း ဖြစ်တယ်။ ပြီးတော့ အခုနောက်ပိုင်း ဖုန်းတွေ အသုံးပြုမှုများလာတဲ့အခါမှာ ဖုန်းဂိမ်းတွေ ပိုများလာတယ်။ အဲ့အချိန်မှာ ကျွန်တော်က Mobile Legend ဆိုတဲ့ ဂိမ်းကို စဆော့ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဂိမ်းကို နိုင်ငံတတတကာနဲ့ ယှဉ်ပြီး ကစားလာတဲ့အခါမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုကစားတဲ့အခါမှာ အများကြီးဂုဏ်ယူမိပါတယ်။ အခု Sea Game မှာလည်း Burmese Ghouls အနေနဲ့ နိုင်ငံကိုယ်စားပြုပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ” ဟု Burmese Ghouls MLBB ၏ အသင်းခေါင်းဆောင် ကိုဝင်းသုတထွဋ်က ပြောသည်။

Burmese Ghouls အသင်းသည် Esports နယ်ပယ်တွင် ခေတ်စားနေသော Mobile Legend၊ PUBGM၊ AOV စသည့်ဂိမ်းများတွင် ကျွမ်းကျင်ကစားသမား ၁၅ ဖြင့် အောင်မြင်မှုရရှိနေသော အသင်းတစ်သင်းလည်း ဖြစ်သည်။

Huawei အနေဖြင့်လည်း Esport Games ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားဖို့ရှိနေပြီး Huawei Esports Gaming Challenge 2019 ကို လာမည့် စက်တင်ဘာလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly