ကနဦးတွေ့ရှိထားသည့် အလောင်းများ၏ ဆေးစာပေါ်မူတည်၍ အမှုပြောင်းလဲဖွင့်လှစ်ရန်ရှိ

ကနဦးတွေ့ရှိထားသည့် အလောင်းများ၏ ဆေးစာပေါ်မူတည်၍ အမှုပြောင်းလဲဖွင့်လှစ်ရန်ရှိ

ရန်ကုန်၊ ဇူလိုင် ၂၆ ။      ။ မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်ရှိ ဖရဲကျွန်းကျေးရွာနှင့် ကန်သာကျွန်းတို့အကြား ဇူလိုင်လ ၂၃ ရက်နေ့ကဖြစ်ခဲ့သော  ရွာမြေပိုင်ဆိုင်မှုအငြင်းပွားရာမှ လူသေဆုံးမှုများအတွက် ဆေးစာပေါ်မူတည်ကာ အမှုဖွင့်ရန်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

“အရေးယူမှု အပိုင်းက ၂ ပိုင်းပါ။ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့ အညီ ဆောင်ရွက်နေပါတယ်။ ဆေးစာပြန်ကြားချက်ပေါ် မှုတည်ပြီးတော့ လိုအပ်တဲ့ပုဒ်မတွေ ၊ဆေးစာပြန်ကြားမှုအပေါ်မှုတည်ပြီး ပရောဂ ဒဏ်ရာ တစ်ခုခုကြောင့် သေဆုံးတယ်ဆိုရင် လူသတ်မှုပေါ့။ ဆေးစာပြန်ကြားချက်က ရေနစ် သေဆုံးတဲ့ လက္ခဏာပဲ ဆိုရင် သေမှုသေခင်းပဲ ဖွင့်ပြီးတော့ ပိတ်လိုက်မှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တိုင်းရဲတပ်ဖွဲ့မှ ပြောကြားရာ၌ ကျမ်းကိုင်ကျွန်းကျွေးရွာမှ ဦးမောင်ဝင်းက တရားလိုပြုလုပ်ကာ ဖရဲကျွန်းကျေးရွာမှ ရွာသားဆိုသူ ကိုသန်းဦးအား ရာဇသတ်ကြီးပုဒ်မ ၃၂၉ ၊ ၃၀၂ / ၄၅၂ / ၃၂၄ / ၄၂၇ / ၅၀၆/၁၁၄ ဖြင့် တရားစွဲဆိုထားကြောင်း ကနေဦး သိရသည်။

 “အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက် ကျူးလွန်တာတွေ ရှိတယ်။ နှစ်ဖက်လည်း အပြန်အလှန် အမှု ဖွင့်တာ ရှိပါတယ်။လောလောဆယ် တစ်ဖက်က အမှုဖွင့်ထားတယ်။ တစ်ဖက်က မဖွင့်သေးဘူး။ ဖြို ဖျက်ဆီး တာတွေ ခြိမ်းချောက်တာတွေ ၊ ပူးပေါင်းဆောင်ရွက်တာတွေရယ် အဲဒါတွေကိုအမှုဖွင့်တာဖြစ်ပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် ပျောက်ဆုံးသူ ၃၈ ဦးထဲမှ သေဆုံးသူ အလောင်း ၂၈ လောင်းကို ရှာတွေ့ထားပြီး ပျောက်ဆုံးနေသည့် ၁၀ ဦးကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

 “စက်လှေနဲ့ပတ်သက်ရင်တော့ သွားတဲ့အချိန်မှာ စက်လှေသည် လူ ၃၀ လောက်ပဲဆံ့တယ်။ သူက လူ ၄၀၊ ၅၀ လောက် နဲ့သယ်သွားတယ်။ ပြန်ထွက်တဲ့အချိန်မှကြတော့ စက်လှေကိုမနိုးရသေးဘူး။ လူတွေက ကြောက်လန့် ပြီးတော့ တွန်းပြီးတက်တယ်။စက်လှေက မနိုးရသေးဘဲနဲ့ထွက်တယ်။ ဥပဒေအရတော့ သူကို တရားစွဲဆို ထားတယ်။

ဥပဒေအရ ဖြေရှင်း ရမယ့်တာဝန်ဖြစ်တယ်။စက်လှေ မောင်းရင်း နဲ့ မှောက်တယ်ဆိုတာ မဟုတ် ပါဘူး။ စက်လှေက တစ်ခြားပယောဂ ကြောင့် ထိုးဖောက်ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ တက်တဲ့လူတွေ ကြောင့် တစ်ဖက်ကိုစောင်းပြီး မှောက်သွားတာပါ” ဟုအဓိကရုဏ်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် စက်လှေအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့ကတာဝန်ရှိသူက ထပ်မံပြောကြားသည်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် စက်လှေမောင်းနေသူကိုလည်း ပုဒ်မ ၂၈၀/၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required