ရှန်ဟိုင်း ခြေစမ်းပွဲက ဖြစ်ရပ်တွေအတွက် ကစားသမားတွေကိုယ်စား ယူနိုက်တက်ကို တောင်းပန်စကားဆိုခဲ့တဲ့ ပိုချက်တီနို

ရှန်ဟိုင်း ခြေစမ်းပွဲက ဖြစ်ရပ်တွေအတွက် ကစားသမားတွေကိုယ်စား ယူနိုက်တက်ကို တောင်းပန်စကားဆိုခဲ့တဲ့ ပိုချက်တီနို

တော့တင်ဟမ်ဟော့စပါးအသင်း နည်းပြ မာရီစီယို ပိုချက်တီနိုက ကြာသပတေးနေ့က မန်ချက်စတာယူနိုက်တက်အသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းရဲ့ ကစားသမားတွေ အပြုအမှုအတွက် ယူနိုက်တက်ကို တောင်းပန်ခဲ့သလို စိတ်ပျက်ခဲ့မိပြီး စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။

စပါးအသင်းဟာ ယူနိုက်တက်နဲ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စပါးအသင်းကစားသမားတွေရဲ့ ကစားပုံက ကြမ်းတမ်းခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို စပါးကစားသမား ဆစ်ဆိုကိုက သိသိသာသာ တက်နင်းခဲ့တာကြောင့် ကွင်းလယ်လူ တော်မီနေးက ဒီအဖြစ်အပျက်အတွက် ဒေါသထွက်ခဲ့ပြီး စပါးကစားသမားတွေနဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

စပါးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအလီက အစောပိုင်းမှာ အဝါကဒ်ပြသခံရသလို အသင်းဖော် ဂျာဖက် တန်ဂန်ဂါနဲ့ ယူနိုက်တက်ရဲ့ ပါရဲရားတို့ကလည်း ပထမပိုင်းမှာတင် အဝါထိခဲ့ကြပါတယ်။

"တချို့အခြေအနေကြောင့် နည်းနည်းတော့ စိတ်တိုစရာဖြစ်ခဲ့ရပါတယ်။ ဒါအမှန်ပါပဲ။ ဒါက ချစ်ကြည်ရေး ခြေစမ်းပွဲဖြစ်ပေမယ့် ပျော်စရာ မကောင်းခဲ့ပါဘူး။"လို့ ပိုချက်တီနိုက ပြောပါတယ်။

"ခင်ဗျာဟာ အားထုတ်ပြီး ကြိုးစားမှုပြင်းထန်တဲ့အခါမျိုးတွေမှာတော့ တခါတလေ ခင်ဗျဟာ မှန်ကန်တိကျမှု မရှိပဲ (ဖျက်ထုတ်ဖို့)နောက်ကျပြီးမှ ရောက်တတ်တယ်။ ကျနော့်ကစားသမားတွေ ကိုယ်စား ယူနိုက်တက်အသင်းကို ကျနော် တောင်းပန်ပါတယ်။"

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲထိ ပို့ဆောင်နိုင်ခဲ့တဲ့ အာဂျင်တီးနားလူမျိုးနည်းပြက ဆိုးလ်ရှားရဲ့ အသင်းအနေနဲ့ သူ့တို့ကိုယ်သူတို့ အပြစ်မလုပ်မိဘူးဆိုတာ မဟုတ်ကြောင်း ပြောပါတယ်။

"ဒုတိယပိုင်းမှာ သူတို့ဘက်က ကျနော်တို့အပေါ် တူညီတဲ့ တုန့်ပြန်မှုမျိုးပြုလုပ်ခဲ့ပါတယ်။"

"ရာသီကြို ခြေစမ်းပွဲတွေမှာ ဒဏ်ရာထိခိုက်မှု တစုံတရာဖြစ်လာတဲ့အခါ ဒါဟာ ခက်ခဲပါတယ်။ ကျနော် စိုးရိမ်မိခဲ့ပါတယ်။ "

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ICC ဖလားပွဲစဉ်ဟာ လာမယ့်ရာသီ ခက်ခဲတဲ့ အမှတ်ပေးပြိုင်ပွဲအတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုလို့ ပြောဆိုခဲ့ပါတယ်။

အဆိုပါစပါးနဲ့ပွဲမှာတော့ ယူနိုက်တက်ဟာ မာရှယ်၊ အိန်ဂျယ်ဂိုမက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး စပါးအတွက် မော်ရာက ချေပဂိုးသွင်းပေးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly