ခါးသီးသော ရွေးကောက်ပွဲကို ရင်ဆိုင်နေရသည့် တူရီကီ ဗုံးခွဲမှုကြောင့် ကွဲလွဲမှုများ ရှိခဲ့

ခါးသီးသော ရွေးကောက်ပွဲကို ရင်ဆိုင်နေရသည့် တူရီကီ ဗုံးခွဲမှုကြောင့် ကွဲလွဲမှုများ ရှိခဲ့
 
 

အစ္စတန်ဘူ၊ အောက်တိုဘာ-၁၂ ။             ။ တူရကီနိုင်ငံမှာ ခေတ်အဆက်ဆက် အဆိုးရွားဆုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်တွင် သမ္မတ တေးယစ် အာဒိုဂန်မှာ စကားလုံးကို ဂရုတစိုက် သုံးနှုန်းထားသော သွေးစည်းညီညွတ်ရေးကို တိုက်တွန်းသည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရုံ မှတစ်ပါး ထူးထူးခြားခြား အသံတိတ်နေခဲ့သည်။

ခေတ်သစ်တူရကီ၏ သဘောအကွဲလွဲရဆုံးခေါင်းဆောင်မှာ အတိတ်ကဆိုလျှင် အကျပ်အတည်းအချိန်များ၌ ရုပ်သံများကို လွှမ်းမိုး၍ စကားပြောရန် တွန့်ဆုတ်နေလေ့မရှိခဲ့ဘဲ၊ ၎င်း၏ ထက်သန်ပြင်းပျသော ထောက်ခံသူများကို စည်းရုံးလှုံ့ဆော်ခဲ့သကဲ့သို့ နိုင်ငံတော်ကို ကာကွယ်ရာတွင်လည်း အတိုက်အခံများကို တူမျှသောပမာဏဖြင့် ဝေဖန်ထိုးနှက်လေ့ ရှိခဲ့သည်။

အရှေ့တောင်ပိုင်းကာဒစ်စစ်ပွဲကြောင့် အကျပ်အတည်း တွေ့နေရသည့် အထဲတွင် အိမ်နီးချင်း ဆီးရီးယားစစ်ပွဲ၏ ဘေးထွက်ဆိုးကျိုးကိုလည်း တိုး၍ ခံစားလာနေရ သောကြောင့် တူရကီနိုင်ငံမှာ မလူးသာမလွန့်သာ ဖြစ်လာနေရာ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တသုံးပတ်အလို အောက်တိုဘာ ၁၀ရက်နေ့က လူ ၁၂၈ယောက် သေဆုံးခဲ့ရသည့် ကာဒစ်လိုလားသူများနှင့် လက်ဝဲဝါဒီများ၏ စုဝေးပွဲတစ်ခုတွင် အသေခံဗုံးခွဲမှုနှစ်ခုကြောင့် အာဒိုဂန်အစိုးရအပေါ် ပို၍ ဝေဖန်စရာ ဖြစ်လာခဲ့သည်။   

အာဒိုဂန်ကို သစ္စာခံသူများနှင့် အာဒိုဂန် တည်ထောင်ခဲ့သည့် အစ္စလာမ်အခြေပြု အေကေပါတီ (AK Party)ကမူ ဗုံးခွဲမှုများမှာ တူရကီနိုင်ငံကို အားပျော့သွားစေပြီး အရှေ့အလယ်ပိုင်းတွင် ၎င်း၏ရပ်တည်မှုကို အသရေညှိုးနွမ်းစေရန် နိုင်ငံခြားနောက်ခံပြု အင်အားစုများ၏ ညစ်ပတ်သော နောက်ထပ် အကောက်ကြံမှုတစ်ခုပင်ဖြစ်သည်။

ဗုံးခွဲမှုများတွင် ပစ်မှတ်ထားခံရသည်ဟု ယူဆရဖွယ်ရှိသည့် ကာဒစ်လိုလားသည့် အတိုက်အခံပါတီအပါအဝင် အာဒိုဂန်ကို ဆန့်ကျင်သူများအတွက်မူ အကောင်းမြင်ဖြင့် ကြည့်လျှင်   ထောက်လှမ်းရေးပျက်ကွက်မှုတစ်ခုအဖြစ် မြင်နိုင်သလို အဆိုးရွားဆုံးအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ဆွပေးရန် ပူးပေါင်းကြံစည်မှုလည်း ဖြစ်နိုင်သောကြောင့် အာဒိုဂန်အစိုးရမှာ လက်ကို သွေးစွန်းခဲ့ပြီဟု ယုံကြည်နေကြသည်။

ကနဦးတုန်လှုပ်မှုဟာ ငြိမ်သက်သွားပေမယ့်လည်း အန္တရာယ်ကြီးလောက်အောင် နှစ်ခြမ်းကွဲနေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ နက်ရှိုင်းနေပြီးသား အကွဲကြောင်းကို ဒီဗုံးခွဲတိုက်ခိုက်မှုက ပိုပြီး ကြီးမားကျယ်ပြန့်သွားစေပုံရပါတယ်ဟု လန်ဒန်အခြေစိုက် Teneo Intelligence မှ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဝုဖန်ဂို ပစ်ကိုလီက ပြောကြားခဲ့သည်။

အိုင်အက်စ်များကို ဗဟိုပြု ၍ စုံစမ်းစစ်ဆေးနေကြောင်း လုံခြုံရေးအရာရှိများက ရိုက်တာသို့ ပြောကြားခဲ့သော်လည်း ဝန်ကြီးချုပ် အာမတ် ဒါဗူတိုဂလူကမူ အစ္စလာမ်ဝါဒီ (သို့မဟုတ်) ကာ့ဂိုဏ်းများမှသည် လက်ဝဲအစွန်းရောက်များအထိ မည်သည့်အစွန်းရောက်အုပ်စုများ၏ လက်ချက်မဆို ဖြစ်နိုင်သည်ဟု ဗုံးခွဲမှုများအပြီး နာရီပိုင်းအကြာတွင် ပြောကြားခဲ့သည်။

ယခင်က တိုက်ခိုက်မှုများကို မိမိတို့၏လက်ချက်ဟု ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိခဲ့သည့်အပြင် ၎င်းတို့ ညွှန်ကြားခြင်းမရှိခဲ့သည့် လုပ်ရပ်များအတွက်ပါ အခွင့်အကောင်းယူ၍ တာဝန်ခံလေ့ရှိခဲ့သည့် အိုင်အက်စ်အကြမ်းဖက်အုပ်စုမှာ ယခုတစ်ကြိမ် အန်ကာရာဗုံးခွဲမှုတွင်မူ အလားတူ ကြေညာခြင်းမျိုး မပြုလုပ်ခဲ့သောကြောင့် သံသယဝင်နေသူများကမူ အိုင်အက်စ်အုပ်စုမှာ လက်ညှိုးထိုးရအလွယ်ဆုံး ဓားစာခံမျှသာဖြစ်သည်ဟုလည်း ယူဆနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly