မော်တော်ကားစက်ရုံနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုများ လာအောင် ဆွဲဆောင်မည်

မော်တော်ကားစက်ရုံနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုများ လာအောင် ဆွဲဆောင်မည်
ဓာတ်ပုံ -ဖူးအိအိနွယ်

ဇူလိုင် ၂၅ ရက်၊ ရန်ကုန် ။         ။ လာမည့် သြဂုတ်လအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပသွားမည့် Myanmar Insight Seminar 2019 တွင် ထိုင်းနိုင်ငံမှ မော်တော်ကားစက်ရုံနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွက် ရရှိအောင် ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

“ဒီမှာ Suzuki မော်တာစက်ရုံရှိတယ်ဆိုရင် အားလုံးတစ်နေ့ကို ၄၈ စီးထွက်တယ်ဆိုရင် အားလုံးပစ္စည်းတွေ စုပုံထားပြီး တစ်ခုစီ လိုက်တပ်ပေးနေရတာ။ ဆိုတော့ ဒီမှာ ထုတ်တာ မဟုတ်ဘူး။ အဲ့လိုမျိုး မြန်မာနိုင်ငံမှာ စက်ရုံတွေရောက်လာပြီဆိုရင် ကျွန်တော်တို့က မော်တော်ကားစက်ရုံနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ထုတ်လုပ်တဲ့ စက်ရုံမျိုးကို လိုချင်ပါတယ်။ ထိုင်းနိုင်ငံက အဲ့ဒီဟာ တအားရှေ့ရောက်နေတယ်။ အဲ့ဒါကို ဦးစားပေးဆွဲဆောင်ဖို့ လုပ်မှာပါ” ဟု ၄င်းက ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသွားမည့် Myanmar Insight Seminar 2019 အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေတွင် ရန်ကုန်မြို့၊ ထိုင်းနိုင်ငံသံရုံး၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ Auto Mobile Industry မှ ရင်းနှီးမြုပ်နှံသူများအနေဖြင့် စက်မှုဝန်ကြီးဌာနက ပြုပြင်ပြောင်းလဲထားသော မူဝါဒများကို သိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံစေရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် မူဝါဒရေးဆွဲသူများကို ဖိတ်ကြားပြီး အချက်အလက်များကို မျှဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံက Auto Mobile နဲ့ပတ်သက်တဲ့ Industry က တအားကို ဖွံ့ဖြိုးနေတာရှိပါတယ်။ ကျွန်တော်တို့၊ ခင်ဗျားတို့စီးနေတဲ့ Double Cab တွေက ထိုင်းနိုင်ငံမှာ ထုတ်တာ။ အားလုံးက တစ်နေရာတည်းမှာ ထုတ်သွားတာ အထဲထဲမှာ ရှိတဲ့အကုန်လုံးကို။ သူက ကားနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းအားလုံးကို တစ်နေရာတည်းမှာ ထုတ်တာဆိုတော့ ကျွန်တော်တို့က အဲ့ဒါမျိုးလိုချင်ပါတယ်။

ဒီလိုမျိုးမျှော်မှန်းတယ်ဆိုရင် ကျွန်တော်တို့ စက်မှုဝန်ကြီးဌာနကို အဲ့ဒီပွဲကို တက်ပေးပါဆိုပြီးပေါ့နော်။ စက်မှုဝန်ကြီးဌာနက မော်တော်ကားနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပြုပြင်ပြောင်းလဲထားတာ ရှိတယ်။ ဒါဆိုရင် ဘယ်လိုအကျိုးအမြတ်ရမလဲဆိုတာကို ရင်းနှီးမြုပ်နှံသူတွေကို လိုက်ရှင်းပြမှာပေါ့နော် ” ဟု ဦးသန့်စင်လွင် က ပြောသည်။

Myanmar Insight Seminar 2019 ကို ထိုင်းနိုင်ငံသံရုံး နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး လေးကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required