ရန်ကုန်မြစ်အတွင်း ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်ရန် လေ့လာနေဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်မြစ်အတွင်း ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်ရန် လေ့လာနေဟု ဝန်ကြီးချုပ်ဆို
ဓာတ်ပုံ - LYNN BO BO/EPA

ရန်ကုန်၊ ဇူလိုင်လ ၂၅ ။         ။ ရန်ကုန်မြစ်အတွင်း ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရန် လေ့လာစမ်းစစ်မှုများ ပြုနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီအစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြစ်ထဲ မြစ်ဝမှာရှိတဲ့ မြစ်တွင်းဆိပ်ကမ်းတစ်ခု ဆောက်ဖို့အတွက် ပြင်ဆင်နေပါတယ်။နယ်သာလန် နိုင်ငံရဲ့အကူညီနဲ့ ကုမ္ပဏီတစ်ခုနဲ့ ရေကြောင်းကို လေ့လာနေပါတယ်။ဆောင်ရွက်လို့ရနိုင်တဲ့အခြေအနေတစ်ခု ရှိလာမယ်ဆိုရင် Project အဖြစ်နဲ့ လွှတ်တော်ကိုတင်ပြဆောင်ရွက်သွားဖို့အတွက် ဆက်ဆွေးနွေးမှာ ဖြစ်ပါ တယ်”ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်ဆိပ်ကမ်းကို ရေယာဉ်အလျား ၁၆၇ မီတာ ၊ ရေစူး ၉ မီတာ နှင့် ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်နိုင်သည့်သင်္ဘောများ သာဝင်ထွက်နိုင် ပြီး သီလဝါဆိပ်ကမ်းတွင် ရေယာဉ်အလျား မီတာ ၂၀၀ ၊ ရေစူး ၉ မီတာ နှင့် ကုန်တန်ချိန် ၂၀၀၀၀ တို့သာ ဝင်ထွက်နိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည်။

“ပင်လယ်ဝ ကိုထွက်နိုင်ဖို့ လေ့လာစမ်းစစ်ချက်အရ ပင်လယ်ဘက်ကိုထွက်မယ်ဆို အကာဘား မရှိပါဘူး။ ရန်ကုန်မြို့က ပင်လယ်ဘက်မျက်နှာမူထားတဲ့ဘက်က မုတ္ထမ ပင်လယ်ဘက်မှာ ကျွန်းတွေမရှိပါဘူး။ မှန်တိုင်း ဒဏ်တို့ကို Direct ထိနိုင်တဲ့အခြေအနေရှိပါတယ်။ အဲဒီဘက်မှာ ဆိပ်ကမ်းတည်ဆောက်မယ်ဆို စရိတ် တော်တော် ကြီးမယ်အခြေအနေတစ်ခု ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ထပ်မံပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြစ်အတွင်းသို့ ကုန်တင်သင်္ဘောကြီးများဝင်ရောက်မှုသည် တစ်လလျှင် ၂၅၀ ဝန်း ကျင်ရှိပြီး ရေစူး ၉မီတာ ရှိသည့် ကုန်တင်သင်္ဘောများသည် ရန်ကုန်မြို့တွင်းဆိပ်ကမ်းများသို့ မြစ်၏ ရေအတက် အကျပေါ်မူတည်၍ ဝင်ရောက်ဆိုက်ကပ်ကာ ကုန်တင်၊ ကုန်ချလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်ဆိပ်ကမ်း၊ သီလဝါ၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မော်လမြိုင်၊ မြိတ်၊ ထားဝယ်၊ ကော့ သောင်းစသော ဆိပ်ကမ်းများရှိပြီး ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းဖြစ်သလို သွင်းကုန်၊ ပို့ကုန်အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက်နေသော ဆိပ်ကမ်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly