NLD ပါတီဝင်အဖြစ် ကိုအောင်ခန့်ကို ပြန်လည်လက်ခံ

NLD ပါတီဝင်အဖြစ် ကိုအောင်ခန့်ကို ပြန်လည်လက်ခံ

ဇူလိုင် ၂၅၊ ရန်ကုန် ။       ။ ရည်ရွယ်ချက်ရှိရှိ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်း မဟုတ်သောကြောင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အဖြစ် ပြန်လည်လက်ခံခြင်းဖြစ်ကြောင်း ကိုအောင်ခန့်က မဇ္စျိမကိုပြောသည်။

“စည်ပင်ရွေးကောက်ပွဲက လောလောနဲ့ လုပ်လိုက်ရတော့ ဥပဒေအရမှာ မရှင်းဘူး ဖြစ်သွားတယ်။ ကျွန်တော့် အနေနဲ့နိုင်ငံရေးပါတီအနေနဲ့ ပါလား။ မပါလားဆိုတာ မရှင်းဘူးလို ဖြစ်သွားတယ်။ NLD က စည်းကမ်းထုတ် တာက ကျွန်တော် ကိုယ်စားလှယ်အနေနဲ့ လျှောက်ပြီးမှ ထွက်လာတာ။ သူတို့ဆုံးဖြတ်ချက်မချရသေးဘူး အဲ့တုန်းက။

အဲ့တော့ သူများတွေကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာတွေ ရှိတယ်ပေါ့။ အနိုင်ရရင် ပါတီက ထုတ်ချင်ထုတ် လုပ်မယ်ဆိုပြီး လုပ်ကြတာပေါ့။ နောက် NLD ပါတီရဲ့ စည်းကမ်းအရ ကျွန်တော်က လွတ်နေ တာပေါ့နော်။ စည်းကမ်းထုတ်တာက ကျွန်တော် ကိုယ်စားလှယ်အနေနဲ့ လျှောက်တုန်းက ပါတီတွေတောင်မှ ခွင့်မပြုသေးတဲ့အချိန်ပါ” ဟု ၄င်းက ပြောသည်။

ကိုအောင်ခန့်သည် NLD ပါတီဝင်တစ်ဦးဖြစ်သော်လည်း စည်ပင်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောကြောင့် ပါတီစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ မတ်လ ၁၉ ရက်ရက်စွဲဖြင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အကြောင်းကြားစာပေးပို့ခံခဲ့ရခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပါတီဝင်အဖြစ်ပြန်လည် လက်ခံ စေရန် ၄င်းအနေဖြင့် စောင့်ဆိုင်းခဲ့ရကြောင်း ကိုအောင်ခန့်က ပြောသည်။

“ကျွန်တော်အနေနဲ့လည်း ကြားထဲမှာ ပါတီဝင်ပြန်ဖြစ်နိုင်ဖို့ ကြိုးစားခဲ့ရတာ ရှိပါတယ်။ နံပတ် တစ်ကတော့ ကျွန်တော်လည်း သူတို့ကို ကျွန်တော် အပြင်မှာ လျှောက်ဖွတာ၊ ဖြေတာလည်း မရှိခဲ့ဘူး။ ရိုးရိုးလေးပဲ တွေ့ချင် ပါတယ်ဆိုပြီး စောင့်ခဲ့ပါတယ်။ အဓိကကတော့ အချိန်ပေးပြီး စောင့်ရတာပေါ့။ ဒါကြောင့် အခုလို အေးအေး ဆေးဆေးပဲ ပြီးသွားတာပါ” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ကျင်းပပြီးစီးခဲ့သော စည်ပင်ရွေးကောက်ပွဲတွင် NLD ပါတီမှ ယှဉ်ပြိုင်မှု ရှိနေ သော်လည်း ကိုအောင်ခန့်က မဲဆန္ဒနယ် အမှတ် ၃ မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေ အတွက် နှစ်သောင်းကျော်ဖြင့် ရှုံးနိမ့်ထားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly