မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ရာထူးက ထုတ်ပယ်ခံရ

မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ရာထူးက ထုတ်ပယ်ခံရ
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ဆွေးနွေးနေစဉ် ရုပ်/သံလိုင်း ပြတ်တောက်မှုကိစ္စကို အကြောင်းပြု၍ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမြင့်ထွေးကို လွန်ခဲ့သည့် နှစ်ရက်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

ဇန်နဝါရီလကုန်ပိုင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေနှင့်ပတ်သက်သည့် အရေးကြီးအဆိုတစ်ခုကို ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်က အပြင်းအထန် ကန့်ကွက်နေစဉ် တိုက်ရိုက်ထုတ်လွှင့်ပြသနေသော MRTV ရုပ်သံလိုင်း အချိန်ပိုင်းပြတ်တောက်ခဲ့မှုအတွက် ဌာနတွင်း စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဓိကတာဝန်ရှိသည့် ညွှန်ကြားရေးမှူးချုပ်ကို ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက “ဟုတ်တယ်။ ပစ္စည်းတွေ ဘာတွေတော့ သိမ်းသွားပြီ” ဟု မဇ္ဈိမကို အတည်ပြုသည်။

တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်သူ ဦးမြင့်ထွေးသည် တပ်မတော်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း တာဝန်ယူချိန်က ရုံးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ NLD အစိုးရလက်ထက် ၂၀၁၆ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ဇန်နဝါရီ ၂၉ရက်က လွှတ်တော်တွင်း ဆွေးနွေးချက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ MRTV တွင် အချိန်ပိုင်း ပြတ်တောက်သွားခြင်း ဖြစ်ကာ လွှတ်တော်မှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ် တပ်ကုန်းသို့ ဖိုက်ဘာဆက်ကြောင်းမှ တစ်ဆင့် ပေးပို့ ထုတ်လွှင့်ရာတွင် ဖိုက်ဘာလိုင်းကျ၍ အစီအစဉ် ပြတ်တောက်ခဲ့ရပြီး ဂြိုလ်တုဆက်ကြောင်းဖြင့် ပြောင်းလဲထုတ်လွှင့်ခဲ့ရခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၁ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် ရုပ်မြင်သံကြားလိုင်း ပြတ်တောက်ရသည့် အကြောင်းအရင်းမှာ ထိုနေ့က ဖိုက်ဘာလိုင်း အသုံးပြုမှု အလျဉ်းမရှိသဖြင့် ဖိုက်ဘာလိုင်းနှင့်မဆိုင်ဟု တပ်မတော်က ဖောဖော်ဝါရီ ခုနှစ်ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ အဖြစ်မှန်သိရှိရန် ဌာနတွင်း စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စုံစမ်း၊ စစ်ဆေးသည့်အခါ ပြန်ကြားရေး၏ ထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိဘဲ တပ်မတော်၏ ထုတ်ပြန်ချက်က မှန်ကန်ကြောင်းနှင့် သက်ဆိုင်သူများကို အရေးယူမှု တစ်စိတ်တစ်ပိုင်း လုပ်ဆောင်နေကြောင်း မေလအတွင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ထုတ်ဖော် ပြောဆိုထားသည်။

ထိုသို့ ဌာနတွင်း စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဦးမြင့်ထွေးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ယာယီအဖြစ် တွဲဘက် တာဝန်လွှဲပြောင်းခဲ့သေးသည်။

“သူက ပထမတော့ Attach ပေါ့။ တွဲထားတာပေါ့။ အဲ့ဒီကနေမှ အခုလို ဖြစ်သွားတာ” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ကို အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က တွဲကိုင်ထားကြောင်း သိရသည်။

ဝန်ထမ်းတစ်ဦးသည် ရာထူးမှ ထုတ်ပယ်ခြင်းခံရပါက “အမှုထမ်းသက်နှင့် ပင်စင်ခံစားခွင့် အားလုံး ဆုံးရှုံးသည်” ဟု နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်တွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကာကယံရှင်ဖြစ်သူ ဦးမြင့်ထွေးကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည့် ဦးမျိုးမြင့်မောင်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly